သာသနာ ညှိုးနွမ်းစေမှုဖြင့် ဦးထင်လင်းဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်

သာသနာ ညှိုးနွမ်းစေမှုဖြင့် ဦးထင်လင်းဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်
သာသနာကို ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခံထားရသော ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးသို့ ဇွန် ၂ ရက်က ရုံးထုတ်လာစဉ်။ ဓာတ်ပုံ-အောင်ကိုဦး

စစ်ကိုင်း၊ ဇွန် ၂ ။     ။ စာပေဟောပြောပွဲတွင် ပြောခဲ့သည့် ဟောပြောချက် အချို့မှာ ဘာသာ၊သာသနာကို ညှိုးနွမ်းမှုဖြစ်ပေါ်စေသည်ဟု ဆိုကာ တရားစွဲဆိုခံထားရသော ဦးထင်လင်းဦးကို သာသနာ ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ (က) ဖြင့် ချောင်းဦးမြို့နယ် တရားရုံးမှ ဇွန် ၂ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချ လိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာတွင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က ဦးဝိစာရ အထိမ်းအမှတ်နေ့ စာပေဟောပြောပွဲတွင် ဦးထင်လင်းဦး၏ ဟောပြော ချက်အချို့မှာ ဘာသာ၊သာသနာ ညှိုးနွမ်းစေမှုကိုဖြစ်ပေါ်စေသည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းခိုင်က တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၉၅(က) (ဘာသာသာသနာကိုဖြစ်စေ၊ ဘာသာ သာသနာ ယုံကြည်မှုကို ဖြစ်စေ၊ နာကြည်းစေရန် တမင်ကြံရွယ်ခြင်း) ဖြင့်ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ် သည်။

ဦးထင်လင်းဦးကလည်း “ကျွန်တော် မရံှုးပါဘူး။ မှားလို့မှားတာကို ထောက်ပြတာပါ။ ဒါကို ဖမ်းပြီး ထောင်ချတာပါ။ ကျွန်တော့်ကိုပဲ ထောင်ချလို့ရမယ်။ စိတ်နဲ့ ယုံကြည်မှုကိုတော့ ဘယ်တော့မှ ထိန်းချုပ်လို့ရမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

၎င်းသည် အကြိမ် ၂၀ မြောက် ရုံးချိန်းတွင် အမိန့်ချ ခံရခြင်းဖြစ်ပြီး အယူခံ ဝင်ရန် ဆက်လက် စီစဉ်ဆောင်ရွက်သွားမည်ဟု ဦးထင်လင်းဦး၏ဇနီး မစောစန္ဒာ က ပြောသည်။

“ကျွန်မတို့က အယူခံဝင်ဖို့ မဝင်ဖို့ တိုင်ပင်နေပါတယ်။ အမှန်ပြောတဲ့သူ အဖမ်းခံရတာဆိုတော့ ဝမ်းနည်းတယ်” ဟု ပြောသည်။

ဤအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက လည်း “ကျွန်တော့် အနေနဲ့ကတော့ အကောင်းဆုံး ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်လိုက်တယ်။ အယူခံဝင်ဖို့က ကာယကံရှင်ရဲ့ ဆန္ဒပါ” ဟု ပြောသည်။

ချောင်းဦးမြို့နယ် တရားသူကြီး ဦလင်းမင်းထွန်းကလည်း မိမိသည် ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး တစ်စုံတစ်ဦးဖိအား မရှိကြောင်း ပြောသည်။ အမိန့်ချရာသို့ NLD အဖွဲ့ဝင်များ လည်း လာရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly