ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့် ရွေးချယ်မည်ဟုဆို

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့် ရွေးချယ်မည်ဟုဆို
နေပြည်တော်တွင် ပြုလုပ်သည့် ကြံ့ခိုင်ရေးဗဟိုကော်မတီ အစည်းအဝေးအပြီး မေ ၃၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။   ဓာတ်ပုံ- ကိုလှိုင်မျိုးထွန်း

ရန်ကုန်၊ ဇွန် ၂ ။   ။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များကို ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့်သာ ရွေးချယ်သွားမည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

"စိစစ်ရေးအဖွဲ့ ၂ ခုစလုံးကို ဥက္ကဋ္ဌက ဦးဆောင်ကြီးကြပ်တယ်။ ၂ ဖွဲ့စလုံးကို တာဝန်ပေးထားတယ်။ ကျွန်တော်မပါဘူး။ အစည်းအဝေးတွေမှာ သွားတက်ရပါတယ်။ အခု အနီးစပ်ဆုံး ဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တော့ နေရာ ၅ ခု လျာထားတယ်။ ဘာတွေလည်း မပြောနိုင် သေးပါဘူး" ဟု ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော် ၃၂၅ နေရာ ၊ အမျိုးသားလွှတ်တော် ၁၆၈ နေရာ၊ တိုင်း/ပြည်နယ် လွှတ်တော် ၆၆၀ ခန့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများကို ဝင်ရောက်ရန် ပြင်ဆင်ထားသည်ဟု ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောသည်။

"ကိုယ်စားလှယ်လောင်း အပြီးရွေးဖို့ကို ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ဗဟိုကော်မတီ အစည်းအဝေးက လွှဲလိုက်တယ်။ အဲဒီက စိစစ်ရေးကော်မတီက စိစစ်ပြီး ရွေးမယ်။ အခုတော့ ပြိုင်မယ့် သူတွေကို လျှောက်လွှာ တင်ခိုင်းပြီးပြီ" ဟု ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီရှိ ဗဟိုအလုပ်မှုဆောင် ၄၄ ဦးမှ အဖွဲ့ဝင်အချို့ဖြင့် ဦးရွှေမန်းက ဦးဆောင်ကြီးကြပ်ကာ ကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းအပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးကိုလည်း ဦးရွှေမန်းက ဦးဆောင်မည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ မေလ ၂၉ ရက် မှ ဇွန်လ ၁ ရက်ထိ ကျင်းပခဲ့သည့် အစည်းအဝေးက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက် ၁၄ ချက် ဆွေးနွေးထုတ်ပြန်မှုများကို အဓိကထား စည်းဝေးခဲ့ခြင်းဖြစ် သည်ဟု ပါတီဗဟို ကော်မတီဝင်များထံမှ သိရသည်။

ပြည်ခိုင်ဖြိုးပါတီ၏မှ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်၊ အရံ ကိုယ်စားလှယ် စုစုပေါင်း ၃,၀၀၀ကျော်က လျှောက်လွှာပုံစံများကို ဖြည့်သွင်းကြရသည်။ သူရဦးရွှေမန်း ကိုယ်တိုင်ပင် လျှောက်လွှာကို ရေးသား လက်မှတ်ရေးထိုးကာ လျှောက်ထားရသည်ဟု ပါတီ ဗဟိုကော်မတီဝင်များ ထံမ ှသိရသည်။

"စိစစ်ရေးအဖွဲ့ကို ကိုယ်တိုင်ရေး လက်ရေး လက်မှတ်ထိုးပြီး ပုံစံ ၁၊ ၂၊ ၃၊ နောက်ဆုံး ၄ က အရည် အချင်း သတ်မှတ်ချက် ၄ ခုကို ခံဝန်ကတိအဖြစ် လက်မှတ်ထိုးရတာပါ" ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးရှိ ပြည်သူ၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်၊ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်း ၁,၁၁၂ နေရာကို ဝင်ရောက်မည် ဖြစ်သည်။ ပြည်ခိုင်ဖြိုးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲဆန္ဒနယ်၏ ၈၈၂ နေရာ အနိုင်ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly