အိန္ဒိယတွင် အဆိပ်သင့်အရက်များ သောက်သုံးမိ၍ လူ ၅၃ ဦးသေဆုံး

အိန္ဒိယတွင် အဆိပ်သင့်အရက်များ သောက်သုံးမိ၍ လူ ၅၃ ဦးသေဆုံး

(မွမ်ဘိုင်း)။ ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အဆိပ်သင့်အရက်များ သောက်သုံးမိ၍ လူပေါင်းအနည်းဆုံး ၅၃ ဦး သေဆုံးသွားကြောင်း ဒေသရဲဌာနက ပြောသည်။

မာလက်အရပ်က ဆင်းရဲသား ရပ်ကွက်နေသူများ ဇွန် ၁၇ ရက်နံနက်က အဆိုပါ အရက်များ သောက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆေးရုံတွင် ကုသမှုခံနေရသူများလည်း ရှိနေရာ သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သည်။

အဆိပ်သင့်အရက်သောက်မိ၍ သေဆုံးမှုများသည် ဈေးပေါ်သည့် အရက်များကို များစွာသောက်သုံးသည့် အိန္ဒိယတွင် အဖြစ်များသည်။

ယခုအဆိပ်သင့် အရက်များသောက်မိ၍ သေဆုံးမှုတွင် သံသယဖြစ်သူ တစ်ဦးကိုလည်း ဖမ်းဆီးထားပြီ ဖြစ်သည်။

ဇန်နဝါရီလအတွင်းကလည်း ထိုသို့သောအဆိပ်ဖြစ်စေသည့် အရက်များသောက်မိ၍ ဥတာပရာဒေ့ရှ်ပြည်နယ်တွင် လူပေါင်း ၂၉ ဦး သေဆုံးခဲ့သည်။

အိန္ဒိယတွင် အဆိပ်သင့် အရက်သောက်မိ၍ လူသိထင်ရှားဖြစ်ခဲ့သည့် သေဆုံးမှုများမှာ အနောက်ဘန်ဂေါပြည်နယ်တွင် ၂၀၁၁ ခုနှစ်အတွင်း ၁၇၀ ဝန်းကျင်နီးပါးရှိခဲ့သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ဥတာပရာဒေ့ရှ်တွင် အနည်းဆုံး ၃၀ သေဆုံးပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ဂူဂျာရတ်ပြည်နယ်၌ သေဆုံးသူပေါင်း ၁၀၀ ကျော်ထက်မနည်းရှိခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly