ယန်စီမြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော တစ်စင်း တိမ်းမှောက် အသေအပျောက် မသိရသေး

ယန်စီမြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော တစ်စင်း တိမ်းမှောက် အသေအပျောက် မသိရသေး
မှောက်ခုံ နစ်မြှုပ်နေသည့် ကုန်တင်သင်္ဘောကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရိုက်တာ)

အေအက်ဖ်ပီ (ရှန်ဟိုင်း)။ ။ နိုင်ငံပိုင် သတင်းမီဒီယာ၏ သတင်းပို့ချက်အရ ကြာသပတေးနေ့ (ဇွန် ၁၈)က တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ကျင်းမြို့အနီး ယန်စီမြစ်ထဲတွင် တရုတ်ကုန်တင်သင်္ဘော တစ်စင်း တိမ်းမှောက်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်မှာ ဇွန်လ ၁ ရက် က အလယ်ပိုင်း ဟူပေါင်ပြည်နယ်အတွင်း ယန်စီမြစ်ထဲတွင် ခရီးသည်တင် သင်္ဘောတစ်စင်း တိမ်းမှောက်ပြီးနောက် လူပေါင်း ၄၄၂ ဦး သေဆုံးခဲ့ရသည့် ခေတ်သစ် တရုတ်နိုင်ငံ၏ အဆိုးရွားဆုံးသင်္ဘောကြမ္မာငင်မှုအပြီးတွင် ထပ်မံဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။

ယခု နောက်ဆုံးဖြစ်ရပ်မှာ တန်ချိန် ၃၀၀ ခန့်ဟု ခန့်မှန်းရသည့် ကုန်တင်သင်္ဘော တစ်စင်းသည်  ကျန်စုပြည်နယ်အတွင်းမှ ယန်စီမြစ်ထဲတွင် မှောက်ခုံဖြစ်သွားကာ ရေစီးကြောင်းတွင် ပေါလော ပေါ်နေ ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းပို့သည်။

ဒေသတွင်း အသံလွှင့်ဌာနတစ်ခုက ၎င်း၏ မိုက်ကရိုဘလော့တွင် ပြောကြားရာတွင်မူ သင်္ဘောမှာ လူ ၂ ဦးကို သယ်ဆောင်လာခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ အွန်လိုင်းတွင် လွှင့်တင်လာသည့် ဓာတ်ပုံများအရမူ မှောက်နေသည့် သင်္ဘောပေါ်၌ မတ်တပ်ရပ်နေသော လိမ္မော်ရောင် အသက်ကယ် အင်္ကျီဝတ် ကယ်ဆယ်ရေးအလုပ်သမား အုပ်စုတစ်စုကို တွေ့ကြရသည်ဟု ဆိုသည်။

''သက်ရှိလူ၏ အရိပ်အယောင် မတွေ့ရ'' ဟုလည်း ကျန်စုပြည်နယ် အသံလွှင့်ဌာနက သတင်းပို့သည်။ သင်္ဘောမှာ လိုင် ဟုခေါ်သည့် ဆိုဒီယမ် ဟိုက်ဒရောဆိုက် ဓာတုပစ္စည်းများကို သယ်ဆောင်လာသော်လည်း မြစ်ထဲသို့ ၎င်းပစ္စည်းများ စိမ့်ထွက်သည့် လက္ခဏာလည်း မတွေ့ရဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly