အိန္ဒိယအမျိုးသားလုံခြံုရေးအကြံပေး အာဂျစ်ဒိုဗာလ် မြန်မာ သမ္မတ၊ ကာချုပ်တို့နှင့်တွေ့ဆုံ

အိန္ဒိယအမျိုးသားလုံခြံုရေးအကြံပေး အာဂျစ်ဒိုဗာလ် မြန်မာ သမ္မတ၊ ကာချုပ်တို့နှင့်တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန် ၁၈ ။     ။ အိန္ဒိယစစ်တပ်က အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် သူပုန်ချေမှုန်းရေးထိုးစစ် ဆင်နွှဲပြီးနောက် ရက်ပိုင်းအကြာ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေး အာဂျစ်ဒိုဗာလ်သည် ဇွန် ၁၇ က သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အတွက် နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျာအစ်ရှန်ကာလည်း အစည်းအဝေးသို့ တက်ရောက်သည်။

သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်၊ ဦးအောင်မင်း၊ ဦးရဲထွဋ် တို့နှင့် တွေ့ဆုံခြင်းဖြစ်ပြီး နယ်စပ်တစ်လျှောက်တည်ငြိမ်စေရန် ညိနှိုင်းဆောင်ရွက်ရေးကိစ္စများ ပါဝင်သည်။

မြန်မာသို့ တစ်ရက်ကြာ လာရောက်သည့် အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး ဒိုဗာလ်သည် ဇွန် ၉ က အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးအား စီစဉ်ရာတွင် အနီးကပ် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

အိန္ဒိယနှင့် မြန်မာအကြား ၂၀၁၄ ခုနှစ်၊ မေလက နှစ်နိုင်ငံနယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ခု ပါဝင်သည့် သဘောတူညီမှုရရှိခဲ့ပြီး လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့ကြား သတင်းအချက်အလက်ဖလှယ်ကြရန်လည်းဖြစ်သည်။

သဘောတူညီမှု၏ အဓိကတစ်ချက်အဖြစ် နိုင်ငံတကာနယ်စပ်နှင့် ပင်လယ်ရေကြောင်းနယ်နိမိတ်တို့၏ သက်ဆိုင်ရာဘက် အသီးသီးတွင် နှစ်နိုင်ငံတပ်ဖွဲ့များ ညိနှိုင်းကင်းလှည့်ရန်လည်း ပါဝင်သည်။

မကြာသေးခင်က မဏိပူရနှင့် အရူနာချာလ်ပရာဒေ့ရှ် ပြည်နယ်တို့တွင် NSCN (K) နှင့် KYKL သူပုန်အဖွဲ့တို့၏ လက်ချက် ဟု ယူဆရသော တိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယသူပုန်တို့၏ စခန်းနှစ်ခုကို ဖျက်ဆီးရန် အိန္ဒိယအထူးကွန်မန်ဒိုများသည် လေကြောင်းပစ်ကူဖြင့် မြန်မာနယ်ထဲသို့ ကီလိုမီတာအနည်းငယ် ကျွံဝင်ခဲ့သည်ဆိုသည်။

အက်ဂျ်မာ စစ်ပညာသင်ကျောင်းဆင်း အာဂျစ်ဒိုဗာလ်သည် အိန္ဒိိယ ထောက်လှမ်းရေးဗျူရို ညွှန်ကြားရေးမှူးဟောင်း တဦးဖြစ်ပြီး သူပုန်စစ်ဆင်ရေးဆိုင်ရာ ကျွမ်းကျင်သူတဦးလည်းဖြစ်သည်။

Ref; PTI & MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly