ရခိုင်ရှိဘင်္ဂလီပြဿနာကို အလွန်သတိထား ကိုင်တွယ်ရန်လိုဟု ဒေါ်စုပြော

ရခိုင်ရှိဘင်္ဂလီပြဿနာကို အလွန်သတိထား ကိုင်တွယ်ရန်လိုဟု ဒေါ်စုပြော

ဝါရှင်တန်၊ ဇွန် ၁၈ ။     ။ လူနည်းစုများကို နိုင်ငံသားပေးခြင်းနှင့် ပတ်သက်၍ သတိရှိရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး အတိမ်းအစောင်းမခံသောပြဿနာကို အလွန်သတိထား၍ကိုင်တွယ်ရမည်ဟုလည်း ၎င်းကပြော ကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါလူနည်းစုပြဿနာနှင့် ပတ်သက်၍ မှတ်ချက်ပေးခဲသူလည်းဖြစ်သည်။

မြန်မာအစိုးရသည် နိုင်ငံသားပေးခြင်း အဆင့်ကို ပြန်လည်သုံးသပ်နေပြီး မြန်မြန်ဆန်ဆန်နှင့် ပွင့်လင်းမြင်သာမှုရှိစွာ သုံးသပ် ပြီးနောက် လုပ်ငန်းစဉ်တွင်နောက် ဆက်တွဲ လုပ်ဆောင်ရမည့်ကိစ္စများကိုပါ ဆုံးဖြတ်ရန် လိုသည်ဟု ၎င်းက ဝါရှင်တန်ပို့စ် သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လှေများဖြင့် လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြ၍ မြန်မာကို နိုင်ငံတကာက ဝေဖန်မှုများ ရှိခဲ့သေးသည်။ အင်္ဂါနေ့ (ဇွန် ၁၆ရက်)က အွန်လိုင်းစာ မျက်နှာတွင် တင်ခဲ့သော အင်တာဗျူးတစ်ခုတွင် ယင်းရိုဟင်ဂျာဆိုသူများကို နိုင်ငံသားပေး သင့်မပေး သင့် ဆိုသည့် တိုက်ရိုက် မေးခွန်းတစ်ခု ကိုမူဒေါ်စုက ရှောင်လွဲ ခဲ့သည်။

"လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးခြင်းဟာ အလွန့်အလွန်သတိရှိစွာ ကိုင်တွယ်ရမယ့် ကိစ္စပါ။ ဖြစ်နိုင် သမျှတော့ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကိုင်တွယ်ရမှာပါ။ ဒါနဲ့ပတ်သက်ပြီး အစိုးရက ဆောင်ရွက်နေတာ လုံလောက် မှုရှိမရှိ ကျမသေချာမသိပါဘူး" ဟုလည်း ၎င်းကပြောကြားခဲ့ သည်။

"ဒါက အတော်လေး အကဲဆတ်တဲ့ပြဿနာပါ။ (မြန်မာနိုင်ငံမှာ) များပြားတဲ့ လူမျိုးစုတွေနဲ့ များပြားတဲ့ ဘာသာရေးအုပ်စုတွေရှိပါတယ်။ အုပ်စုတစ်ခုအပေါ်မှာ ကျမတို့ပြု မူလိုက်တဲ့ အရာတိုင်းဟာ အခြားအုပ်စုတွေအပေါ်မှာလည်း ရိုက်ခတ်သွားနိုင်ပါတယ်"ဟု ၎င်းက အလေးအနက်ပြောသည်။ " ဒါ့ကြောင့် ဒါဟာ အလွန့်ကိုရှုပ်ထွေး တဲ့ ပြဿနာပါ။ ချက်ခြင်းကြီး ဖြေရှင်းလို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး"ဟု ၎င်းကပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မေ ၂၁ ရက်က ဖမ်း ဆီးမိခဲ့သော လှေစီးဒုက္ခသည် ၂၀၈ ဦးအနက် ရှစ်ဦးမှာ မြန်မာဘက် အခြမ်းမှ ဖြစ်ပြီး တစ်ရာ့ငါးဆယ် ဦးကို ဘင်္ဂလားဒေ့ရှ်က လွဲပြောင်းလက်ခံပြီးဖြစ်သည်။ ဒုတိယ အသုတ်အနေဖြင့် ၃၇ ဦးကို ရက် ပိုင်းအတွင်း လွဲပြောင်းပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ ကျန်သူများ ကိုမူ မည်သည့်နိုင်ငံသားဖြစ်သည်ကို စစ်ဆေးနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ ၁ဒသမ၃သန်းခန့်ရှိပြီး ၁၄၀,၀၀၀ခန့်မှာ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly