အိမ်ဖြူတော်နှင့် ဆီးနိတ်လွှတ်တော်တို့တွင် ဗုံးလန့်မှု ဖြစ်ပွား

အိမ်ဖြူတော်နှင့် ဆီးနိတ်လွှတ်တော်တို့တွင် ဗုံးလန့်မှု ဖြစ်ပွား
ဗုံးလန့်မှု ဖြစ်ပွားပြီးနောက် သတင်းစာရှင်းလင်းပွဲ ခန်းမဆောင်သို့ ပြန်ဝင်လာသည့် ဂျာနယ်လစ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ရိုက်တာ

ဝါရှင်တန်၊ ဇွန် ၁၀ ။    ။ အိမ်ဖြူတော်နှင့် ဆီးနိတ်လွှတ်တော်တို့တွင် ဗုံးခြိမ်းခြောက်မှု ဖုန်းဝင်လာပြီးနောက် ယင်းနေရာရှိ အချို့နေရာများကို လုံခြုံရေးအရ ရွှေ့ပြောင်းမှုများ လုပ်ခဲ့ရသည်။

ဆီးနိတ်လွှတ်တော်မှ Dirksen ရုံးခန်းအဆောက်အအုံကို လုံခြုံရေး အစောင့်အကြပ်ထားကာ လူများကို ရွှေ့ပြောင်းစေ ခဲ့ပြီးနောက်တွင် အိမ်ဖြူတော်က သတင်းထုတ်ပြန်ရာ အခန်းတွင် လည်းဖယ်ရှားရှင်းလင်းမှုများ လုပ်ခဲ့ရသည်။

ယင်းလွှတ်တော် အဆောက်အအုံတွင် ဗုံးကို မတွေ့ခဲ့ရဘဲ အိမ်ဖြူတော်တွင်လည်း အားလုံး အန္တရာယ်ကင်းရှင်းကြောင်း သိရှိကြေညာနိုင်ခဲ့သည်။

အဆိုပါ ဗုံးခြိမ်းခြောက်မှု နှစ်ရပ်က ချိတ်ဆက် ပတ်သက်မှုရှိ မရှိမှာ သေချာရှင်းလင်းစွာ မသိရှိရသေးပေ။ အိမ်ဖြူတော် သတင်းထုတ်ပြန်ခန်း ဗုံးခြိမ်းခြောက်မှုကို ဝါရှင်တန်ရဲဌာနသို့ ဖုန်းဝင်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အရာရှိ ဂျို့အာနက်က ပြောသည်။

လွှတ်တော် ဗုံးခြိမ်းခြောက်မှုတွင် လွှတ်တော်လုံခြုံရေးရဲဌာနသို့ ဖုန်းခေါ်ဆို ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗုံးခြိမ်းခြောက်မှု နှစ်ရပ်စလုံးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း အမေရိကန် အထူးလုံခြုံရေး Secret Service က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly