ဂျာကာတာ၊ ဇွန် ၂ ။ ။ ခိုလှုံခွင့်ရှာဖွေသူ ၆၅ ဦးကို တင်ထားသည့် လှေတစ်စီးသည် သြစတြေးလျ အာဏာပိုင်များက နှင်လွှတ် ခံရပြီးနောက် သန္တာကျောက်တန်းတစ်ခုပေါ်တွင် ပျက်နေကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောသည်။
ထိုလှေပေါ်တွင် သီရိလင်္ကာ ၅၄ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၀ ဦး၊ မြန်မာနိုင်ငံမှ တစ်ဦးနှင့် လှေအဖွဲ့သား ၅ ဦးတို့ ပါဝင်သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါလူများမှာ နယူးဇီလန် သို့ သွားရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လှေပေါ်တွင် အမျိုးသမီးလေးဦးနှင့် လမ်းလျှောက်စ ကလေးငယ် သုံးဦးလည်း ပါသည်။ ဝေးလံသော လန်ဒုတီကျွန်းအနီး သန္တာကျောက်တန်း တစ်ခုပေါ်တင်လျက် လှေပျက်ပြီးနောက် ၎င်းတို့အား အနောက်တီမောကမ်းလွန် ရုတ်ကျွန်း၌ ထိန်းသိမ်းထားသည်။
လှေအဖွဲ့သားတစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်တို့၏ လက်မှ ထွက်ပြေးသွားခဲ့ပြီး ၎င်းရှိနေသော နေရာကို မသိရသေးပေ။ ၎င်းလှေမှာ မေ ၅ ရက်က အနောက်ဂျာဗားမှ ထွက်ခွာလာပြီးနောက် သြစတြေးလျ နယ်ခြားစောင့် ကင်းလှည့်သင်္ဘောက ဟန့်တားကာ ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ရုတ်ကျွန်း၏ ရဲတပ်ဖွဲ့အကြီးအကဲ ဟီဒါယတ်က အေဘီစီကို ပြောကြားသည်။
ခိုလှုံခွင့် ရှာဖွေသူများကမူ သြစတြေးလျများသည် ပိုမိုကောင်းမွန်သည့် သစ်သားလှေတစ်ခု ပေါ်သို့ ၎င်းတို့ကို လွှဲပြောင်းပေးကာ သစ်သီးခြောက်များ၊ ဘီစကွတ်များ၊ လောင်စာဆီနှင့် အသက်ကယ်အင်္ကျ ီများပေးသည့်အပြင် အင်ဒိုနီးရှား ရေပိုင်နက်အထိ လိုက်ပို့ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။