(တီဟီရန်)။ ။ အီရန်ပညာရှင်များ၏ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် မျိုးဗီဇပြောင်းလဲထားသည့် ဝါဂွမ်းနမူနာကို ထုတ်လုပ်ပြသခဲ့သည်။
အီရန် ပထမဆုံးနိုင်ငံတကာနှင့် ၉ ကြိမ်မြောက် အမျိုးသား ဇီဝနည်းပညာ ညီလာခံတွင် မျိုးဗီဇပြောင်း ဝါဂွမ်းကို ထုတ်ပြခဲ့ခြင်းဖြစ်ပြီး ယင်းညီလာခံသို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး မာမွတ်ဟိုဂျာတီလည်း တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံကို ကမကထဦးဆောင်ပြုလုပ်သူ ဒေါက်တာ မိုစတာဖာက မြို့တော်တီဟီရန် အနောက်ပိုင်း အယ်လ်ဘော့ဇ် ပြည်နယ်တွင်းက အီရန်ဇီဝနည်းပညာ သိပ္ပံကနေ ယခုမျိုးဗီဇ ဝါဂွမ်းနည်းပညာကို တီထွင်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်ဟု ပါရှန်းမီဒီယာတွင် ဖော်ပြသည်။
"ဒီနည်းပညာက အီရန်ပညာရှင်များ ကိုယ်တိုင် နိုင်ငံတွင်းမှာ တီထွင်စမ်းသပ်ခဲ့တာပါ။ ငါးနှစ်ကြာ သုတေသနပြုခဲ့ရတဲ့ နိုင်ငံရဲ့ ကိုယ်ပိုင်နည်းပညာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဝါဂွမ်း မျိုးဗီဇနည်းပညာဖြင့် ခိုရာဆန်ပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဝါဂွမ်းများ၏ အရည်အသွေးကို ပိုမိုကောင်းမွန်အောင် မြှင့်တင်နိုင်စွမ်းရှိသည့် နည်းပညာဖြစ်သည်ဟု တာဝန်ရှိသူများက ပြောခဲ့သည်။
REF : Press TV