နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၄ ဒီဇင်ဘာ၂၀၂၃)

By မဇ္ဈိမ 
14 December 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၄ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီးပြီးတော့ “ပန်းတိုင်” ရွှေ့ပြောင်း အလုပ်သမားရေးရာအသိအမြင်မြှင့်တင်ရေး စကားဝိုင်းကို ဒီဇင်ဘာ ၁၆ ရက် ၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို ဒီဇင်ဘာ ၁၃ ရက် ကပြုလုပ်ခဲ့ကြသည်။
ပဲခူးတိုင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များက အုတ်ဖိုမြို့နယ်အတွင်း နယ်မြေကွင်း ဆင်းပြီး ဒေသခံပြည်သူများကို လိုက်လံတွေ့ဆုံခဲ့ကြောင်းမြေအောက်ပြောက် ကျားတပ်ဖွဲ့ - အုတ်ဖိုက ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထား သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY PDF)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ ၁၂ ရက်က  ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ၊ ရေးမြို့နယ် တောင်ပိုင်းတွင်ရှိသည့် တော်လှန်ရေးမဟာမိတ်အင်အားစုများကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒုဝန်ကြီး နိုင်ကောင်းရွက်က လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုင်း − မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကော့ကရိတ်မြို့တွင် နှစ်ပတ်နီးပါး တိုက်ပွဲများ ဖြစ်ပြီးနောက် အာရှလမ်းမကြီး ကို ထိန်းထားနိုင်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ နဂါးဖြူ စစ်ကြောင်းက အသိပေးသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
ပဲခူးတိုင်း၊ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းမပေါ်မှာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ညောင်ပင်သာ ရဲ စခန်းအား တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် အတူ ဖာပွန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း  Phapun PDF - PPDF က ထုတ်ပြန်ထားသည်။
မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများအပါအဝင် သတ္တုတူးဖော်ရေးနှင့် ပတ်သက်နေသည့် လူပုဂ္ဂိုလ်များကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု လုပ်ပေးရန် Justice For Myanmar (JFM) အဖွဲ့က ဗြိတိန်အစိုးရကို တိုက်တွန်းထားသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်သို့ စစ်ကူအတွက်အင်အားဖြည့်တင်းရန် ပြင်ဆင်နေသည့် စစ်ကောင်စီ တပ်သားများအား Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး ဒဏ်ရာအပြင်းထန်ရသွားကြောင်း MBT မှထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ)ဝင်းအတွင်းရှိ နေရာ လေးခုကို ကာကွယ်ရေးတပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူ အပါအဝင် စစ်သား ငါးဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ ကာကွယ်ရေးတပ်( KLG PDF) ထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊မော်လူးမြို့မှ စစ်ကောင်စီရဲစခန်းကို KIA၊ ABSDFနှင့်PDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်း၍ ယမန်နေ့( ဒီဇင်ဘာလ ၁၃ ရက်) နံနက်တွင် တိုက်ခိုက်ပြီးနောက်မြို့ကို ထိန်းချုပ်ထားသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်ရှိ စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ယောက္ခမ နေအိမ်ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရဲစခန်းကို ယမန်နေ့ညက ဖောက်ခွဲတိုက်ခိုက်ခံရမှု နှစ်ကြိမ် ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံး၌ တပ်စွဲထားသော စစ် ကောင်စီ တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတတော် (PDF )ထိန်းချုပ်နယ်မြေများအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ပစ်ခတ် တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း PDF ဂန့်ဂေါခရိုင် တပ်ရင်း(၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
ကရင်နီပြည်တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ်-၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့ပြုလုပ်ခဲ့ကြောင်း KNDF ၏ The Hunter page က ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု မြောက်ပိုင်း ၃ ဖွဲ့က “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၄၈) ရက်မြောက်နေ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်၌ ထပ်မံ ကတိပြု ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီ၏ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် ရှေးဟောင်းသမိုင်း ဝင်နယ်‌မြေအတွင်းရှိ စေတီဘုရားပုထိုးများ ထိခိုက်ပျက်စီးသွားကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယနေ့ ဒီဇင်ဘာလ၁၄ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်၏ ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံကို သိမ်းပိုက်ရရှိပြီးဖြစ်၍ နမ့်ဆန်မြို့တွင် စစ်ကောင်စီ ဗျူဟာကုန်းတစ်ခုသာကျန်တော့ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးအရာရှိက ပြောသည်။
ကိုးကန့်ဒေသအတွင်း သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် အသာတ ကြည် လက်နက်ချ အညံ့မခံဘဲ ပြန်လည် ခုခံနေ၍ ကိုးကန့်တပ်မတော်(MNDAA)က လိုက်လံရှင်းလင်း လျက်ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီ 
ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အထွေထွေလုပ်သားများက ဘတ် ၁၅၀ နှင့် ကုမ္ပဏီ ဝန်ထမ်းများက ၈၂၂ ဘတ် လစဉ် ပေးဆောင်ရမည်ဟု ထိုင်းရှိ အလုပ်သမားသံအရာရှိ ရုံးက ထုတ်ပြန် လိုက်သည်။
စစ်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ်များ ချမှတ်ပြီး နောက် နောက်ဆက်တွဲအဖြစ် စိုးထွဋ်၏ လူယုံ သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟ ကိုလည်း ထောင်ဒဏ် ၃ နှစ် ပြစ် ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံ နှင့် ကျောက်တံခါးမြို့နယ် အတွင်း မန္တလေး-ရန်ကုန် လူစီးရထား အား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ဖျက်ဆီးခံရသည်ဟု စစ်ကောင်စီ ပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Ramanathan Balakrishnan ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမျိုးသားရေး တက်ကြွလှုပ်ရှား သူများအဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက် ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ရှုတ် ချပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့ မဟာဗန္ဓုလ ပန်းခြံဘေး ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြ ထားသည်။
ဒီဇင်ဘာ ၁၄ သုံးသပ်ချက်
တော်လှန်းအင်အားစုများသည် နိုင်ငံအနှံ့ တွန်းလှန်စစ်ကို အရှိန်ပြင်းပြင်း ဆင်နွဲကာ မြို့များ စခန်းများ သိမ်းလာချိန် စစ်ကောင်စီသည် စစ်ရှုံးကာ ခံစစ်ဖြစ်နေသလို နယ်မြေများတစ်ခုပြီးတစ်ခု လက်လွှတ်နေ၍ စိုးမိုးနယ်မြေ လျော့နည်းလာသည်ဟု ဆိုရမည်ဖြစ်သည်။
နိုင်ငံခြားငွေလိုအပ်နေသည့် စစ်ကောင်စီသည် ပြည်ပရောက်အလုပ်သမားများ၏ နိုင်ငံလက်မှတ်ကို အကျပ်ကိုင်ကာ အတင်းအကျပ် အခွန်ငွေစည်းကျပ်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly