စစ်ရှောင်များခိုလှုံနေသည့် နမ့်ခမ်းမြို့က ဘုန်းကြီးကျောင်း လေယာဥ်ဖြင့်ဗုံးကြဲခံရ

By ဓါတု (မဇ္ဈိမ)
14 December 2023
စစ်ရှောင်များခိုလှုံနေသည့် နမ့်ခမ်းမြို့က ဘုန်းကြီးကျောင်း လေယာဥ်ဖြင့်ဗုံးကြဲခံရ
ဓါတ်ပုံ- ဇေယျသုခဘုန်းကြီးကျောင်း အတွင်းခိုလှုံနေသည့်စစ်ရှောင်များ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင်များခိုလှုံနေသည့်ဘုန်းကြီးကျောင်းဝင်းကို စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PSLF/TNLA)သတင်းနှင့်ပြန်ကြားရေးဌာနမှ ယနေ့ ဒီဇင်ဘာလ ၁၄ရက် ညနေက ထုတ်ပြန်ထားသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇေယျသုခဘုန်းကြီးကျောင်းအတွင်းရှိ ကိုရင်ငယ်တပါး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်၏ နေရာအစိတ်အပိုင်း တော်တော်များများ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ဓါတ်ပုံ- ဇေယျသုခဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုများ

အဆိုပါ ဘုန်းကြီးကျောင်းမှာ တအောင်းဒေသ TNLA တပ်မဟာ(၁)စစ်ဒေသ ပေါက်တိုက်မရပ်ကွက်တွင် တည်ရှိ၍ ကျောင်းအား ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၅၀တွင် စစ်ကောင်စီတပ်မှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"  လေယာဥ်နဲ့ဗုံးကြဲတာဟုတ်တယ်။ တိုက်ပွဲက အဲ့ဒီနားဖြစ်နေတာဆိုတော့ TNLA တပ်က အဲ့ဒီနားမှာရှိနေလို့ဆိုပြီး ဗုံးကြဲလိုက်တာ။ ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးတာရှိတယ်။ အထဲမှာ ဒုက္ခသည် ၂၀၀ ကျော်ရှိတယ်"ဟု နမ့်ခမ်းမြို့စစ်ဘေးရှောင်ကူညီသူတဦးက မဇ္စျိမကိုပြောသည်။

အဆိုပါဇေယျသုခဘုန်းကြီးကျောင်းတွင် နမ့်ခမ်းမြို့ခံ ၂၆၂ ဦးတိမ်းရှောင်နေသည့်ကျောင်းဖြစ်သည်။

လက်ရှိအခြေအနေအရ နမ့်ခမ်းမြို့ရှိစစ်ဘေးရှောင်ဒေသခံများမှာ လျှပ်စစ်မီးပြတ်တောက်နေသဖြင့် သုံးရေ၊ သောက်ရေရရှိရန် အခက်အခဲဖြစ်နေကြောင်း နမ့်ခမ်းမြို့စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။

နမ့်ခမ်းအပြင် ယမန်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် မူဆယ်မြို့နယ် အထက်တုန်ခန်ကျေးရွာ နှင့် နမ့်ခုမ်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကောင်းရာကျေးရွာအနီးသို့လည်း Y12 လေယာဉ်ဖြင့် ဗုံး ခြောက်လုံး လာရောက်ပစ်ခတ်ခဲ့ကြောင်း (PSLF/TNLA)သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required