နမ့်ဆန်မြို့မှ နောက်ဆုံးစစ်စခန်းကို TNLA ထိုးစစ်ဆင်

By 009 (မဇ္ဈိမ)
14 December 2023
နမ့်ဆန်မြို့မှ နောက်ဆုံးစစ်စခန်းကို TNLA ထိုးစစ်ဆင်
ပုံအညွှန်း − နမ့်ဆန်မြို့နယ်အတွင်း  ထိခိုက်ပျက်စီးမှုမြင်ကွင်းများ(Photo/TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း  နမ့်ဆန်မြို့မှ နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီစခန်းကို တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်နေကြောင်း  ဒေသခံများကပြောသည်။ 

နမ့်ဆန်မြို့မှ စစ်ကောင်စီစခန်းများကို TNLAက ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ဒီဇင်ဘာ ၁၃ရက်အထိ  တပ်မတော်လက်ဖက်စက်ရုံ၊ ပြည်သူ့ဆေးရုံအနီး စခန်း၊ ကဒိုင်းဖူးတောင်စခန်း၊ ပတ္တမြားစေတီ(ကောင်းမှုဆိုင်)စခန်းနှင့်ရဲစခန်းတို့ကိုသိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။ 

လက်ရှိတွင်  နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးတပ်စခန်းဖြစ်သော မြို့အထွက် ဗျူဟာတပ်စခန်းကိုဆက်လက်သိမ်းပိုက်နိုင်ရေး TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

" နမ့်ဆန်တမြို့လုံးမှာ အဲဒီဗျူဟာစခန်းဘဲ ကျန်တော့တယ်။ အကြီးဆုံးစခန်းပေါ့။ မနက်ကတည်းက သေနတ်အသေးရော လက်နက်အကြီးရော ကြားနေတယ်။ ရဲစခန်းလည်း အပြောင်ပဲ။  ဘာမှမရှိတော့ဘူး "လို့ နမ့်ဆန်မြို့ခံတဦးက ယနေ့ ဒီဇင်ဘာလ ၁၄ရက်နေ့လယ်တွင် ပြောသည်။ 

ယမန်နေ့ ဒီဇင်ဘာလ ၁၃ရက်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားတဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀ လုံးခန့်ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။ 

နမ့်ဆန်မြို့သည် တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး အိမ်ခြေ ၁,‌‌၀၀၀ ကျော်ရှိသည်။ မြို့ခံအများစုသည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုကာ အရပ်သားရှိရာနေရာများကို မကြာခဏတိုက်ခိုက်နေကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။ 

နမ့်ဆန်မြို့အပြင် နမ့်ခမ်းမြို့မှ စစ်ကောင်စီ၏  စခန်းသစ်တပ်စခန်းကုန်းကိုလည်း TNLAက တိုက်ခိုက်နေသည်။ ယင်းစခန်းမကျစေရေးအတွက် စစ်ကောင်စီကလေကြောင်းနှင့် လက်နက်ကြီး အသုံးပြုခုခံနေကြောင်း မြို့ခံများကပြောသည်။ ထို့အပြင် နယ်မြေချင်း ထိစပ်နေသော နမ့်ခမ်းနှင့်မူဆယ်မြို့အနီး၌ ယနေ့ည တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။ 

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly