ကာရာဘက်ခ် ရန်ဘက်တွေ နယ်နမိတ်သစ်တစ်လျှောက်မှာ အလိုက်သင့် နေထိုင်နေကြရ 

ကာရာဘက်ခ် ရန်ဘက်တွေ နယ်နမိတ်သစ်တစ်လျှောက်မှာ အလိုက်သင့် နေထိုင်နေကြရ 
Photo - AFP

နိုဝင်ဘာ ၂၉

အငြင်းပွား နာဂေါ်နို ကာရာဘက်ခ် ဒေသအရေး အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားအကြား မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း အာမေးနီးယားရွာသားတစ်ဦးဖြစ်တဲ့ ဇဟိုရစ် ဂရီဂေါ်ယန်ရဲ့ ဆုံးရှုံးလုနီးဖြစ်ခဲ့တဲ့ စိုက်ခင်းတစ်ခုထဲမှာတော့ ခုချိန်မှာ တလည်းသီး (သလဲသီး) ဆွတ်ခူးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိပါတယ်။ 

မော်စကို ကြားဝင်စေ့စပ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုက မငြိမ်မသက်ဖြစ်နေတဲ့ ဒေသအရေး သီတင်းပတ်များစွာကြာ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းသွားစေခဲ့ချိန်မှာ အရှေ့ပိုင်း မာတူနီ အရပ်က တောင်သူ ဂရီဂေါ်ယန်ရဲ့ စိုက်ခင်းမြေကွက်ရဲ့ မီတာ ၅၀ လောက် အဝေးမှာ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

မော်စကို ကြားဝင်စေ့စပ်တဲ့ သဘောတူညီချက်ကြောင့် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းသွားစေခဲ့သလို ရုရှား ငြိမ်းချမ်းရေး စောင့်ကြည့်သူတွေ တပ်ဖြန့်မှုကိုပါ မြင်တွေ့ခဲ့ရပါတယ်။ 

“ကြောက်လန့်တာမျိုးတော့ မရှိပါဘူး၊ အာမေးနီးယား စစ်သားတွေကလည်း အပစ်ရပ် မျဉ်းပေါ်မှာ တပ်ချထားတယ်လေ၊ ပြီးတော့ ရုရှား တပ်သားတွေလည်း ရှိပါတယ်၊ ဒါပေမယ့် ရှေ့အနာဂတ်နဲ့ပတ်သက်လို့တော့ စိုးရိမ်မိတယ်ဗျာ” လို့ ဂရီဂေါ်ယန်က အေအက်ဖ်ပီကို ပြောပါတယ်။ 

အဆိုပါ အသက် ၇၃ နှစ်ရှိ တောင်သူ ဂရီဂေါ်ယန်ကတော့ ဘာဒက်ရှန် ကျေးရွာကနေ လူငယ် အမျိုးသား တစ်ဒါဇင်လောက်ကို ဂရုစိုက်ကြည့်နေပြီး ၎င်းတို့ကတော့ အနီရင့်ရောင် သစ်သီးတွေကို အိတ်ကြီးတွေထဲ ထည့်နေပြီး ဒါတွေကို သစ်သီးဖျော်ရည်နဲ့ ဝိုင် ထုတ်ဖို့ အာမေးနီးယားမြို့တော် ယီရီဗန်ကို ပို့မှာဖြစ်ပါတယ်။ 

တလည်းသီး စိုက်ခင်းရဲ့ မဝေးလှတဲ့ နေရာတစ်ခုမှာတော့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားစစ်သားတွေဟာ မာတူနီနဲ့ အက်ဂဒမ် ဒေသကို ဆက်သွယ်ထားတဲ့ လမ်းတစ်ခုအနီး စောင့်ကြပ်ကင်းလှည့်နေကြပါတယ်။ အက်ဂဒမ်ကတော့ အာမေးနီးယား ခွဲထွက်ရေးသမားတွေ အဇာဘိုင်ဂျန်လက်ထဲ ပေးအပ်လိုက်ရတဲ့ မြောက်ပိုင်းက အရပ်ဒေသတစ်ခုဖြစ်ပါတယ်။ 

ပြီးခဲတဲ့ စက်တင်ဘာလကုန်ပိုင်းလောက်တုန်းက ဆိုဗီယက်အဖွဲ့ဝင်ဟောင်း ရန်ဘက်တွေအကြား နာဂေါ်နို ကာရာဘက်ခ် အငြင်းပွားဒေသအရေးနဲ့ပတ်သက်လို့ တိုက်ခိုက်မှုအသစ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဒေသကတော့ ၁၉၉၀ စစ်ပွဲတစ်ခုမှာ ဘာကူ ထိန်းချုပ်မှုအောက်ကနေ ခွဲထွက်ပြီး အာမေးနီးယား လူမျိုးစုတွေ ထိန်းချုပ်ထားခဲ့တဲ့ ဒေသလည်းဖြစ်ပါတယ်။ 

နိုဝင်ဘာ ၉ ရက်မှာ လက်မှတ်ထိုးခဲ့တဲ့ အတိုက်အခိုက် ရပ်စဲမှု စာချုပ်အောက်မှာတော့ အဇာဘိုင်ဂျန်တို့ဟာ အာမေးနီးယား ခွဲထွက်ရေးသမားတွေ ဆယ်စုနှစ် သုံးစုကြာ ထိန်းချုပ်ထားခဲ့တဲ့ နယ်မြေဒေသရဲ့ ဧရိယာအချို့ကို ပြန်ရသွားခဲ့ပါတယ်။ 

အက်ဂဒမ် ဆီ သွားတဲ့ လမ်းနဲ့ မဝေးလှတဲ့နေရာတစ်ခုမှာတော့ ယာယီ ကင်းစခန်းတစ်ခုရဲ့ အထက်မှာ တိုင်တစ်တိုင်မှာ တွဲချည်ထားတဲ့ အဇာဘိုင်ဂျန် အလံတစ်ခုဟာ လေထဲမှာ တစ်ဖျပ်ဖျပ် လှုပ်ခါနေပါတယ်။ အဲဒီကင်းစခန်းနေရာမှာတော့ ရွက်ဖျင်တဲ တစ်ခုသာရှိပြီး အဲဒီမှာ တာဝန်ကျ စစ်သားတွေကို ကာကွယ်ပေးဖို့အတွက် ကားတာယာတွေနဲ့ စုပုံထပ်ထားပါတယ်။ 

ဆန့်ကျင်ဘက် ဘက်ခြမ်းမှာလည်း အာမေးနီးယား စစ်သား ၁၅ ဦးဟာ အလားတူအတိုင်း တူညီတဲ့ ကမ့်စခန်းတစ်ခုကို ထူထောင်ထားပါတယ်။ 

စစ်သားတွေကတော့ တင်းမာမှုတွေကို သက်ရောက်ခွင့် မပေးဘဲနဲ့ တစ်ဦးနဲ့တစ်ဦး စောင့်ကြည့်နေကြပါတယ်။ 

“ပြဿနာတော့ မရှိပါဘူး၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နယ်မြေအတွက် ကာကွယ်ဖို့ အသင့်ရှိပါတယ်” လို့ စခန်းတာဝန်ခံ အသက် ၄၅ နှစ်ရှိ အရာရှိ မီရှစ်ခ် ဂရီဂေါ်ယန်က ပြောပါတယ်။ 

အဲဒီကနေ မီတာ ၂၀၀ အကွာလောက်မှာတော့ ရုရှား ငြိမ်းချမ်းရေး စောင့်ကြည့်သူတွေဟာ သံချပ်ကာ ကားတွေနဲ့အတူ စစ်ဆေးရေးဂိတ်တစ်ခုမှာ စောင့်ကြပ်နေကြပါတယ်။ 

နယ်နမိတ် အသစ်ကိုတော့ တစ်မီတာ အမြင့်ရှိ သစ်သားတိုင်တွေ စိုက်ထူ အမှတ်အသားလုပ်ထားပြီး တိုင်ထိပ်တွေကိုတော့ အနီ ၊ အဖြူ ဆေးတွေ သုတ်ထားပါတယ်။ 

အခြား အာမေးနီးယားပြည်သူ အများအပြားလိုပဲ ဂရီဂေါ်ယန်လည်း ဒီ အပစ်ရပ် သဘောတူညီချက်ကို မကြိုဆိုခဲ့ပါဘူး။ အဲဒီသဘောတူညီချက်ကြောင့် ခွဲထွက်ရေးသမားတွေဟာ ကာရာဘက်ခ် ဝန်းကျင်က အရပ်ဒေသ အချို့နဲ့ သမိုင်းဝင် ရူးရှားမြို့ကို ထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ 

“စစ်ပွဲ ရလဒ်ကို ကျွန်တော် မကျေနပ်ဘူးဗျာ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ လူတွေအများကြီးနဲ့ နယ်မြေတွေကို ဆုံးရှုံးခဲ့ရလို့ပါ” လို့ ဂရီဂေါ်ယန်က ပြောသွားပါတယ်။ 

၎င်းရဲ့ မြေးသုံးယောက်ဟာ စစ်ဖြစ်ချိန်က စစ်ထဲမှာ တာဝန်ထမ်းနေခဲ့တာ ဖြစ်ပါတယ်။ သူတို့ထဲက တစ်ဦးဟာ တိုက်ပွဲကျသွားခဲ့သလို နောက်တစ်ဦးကလည်း ဒဏ်ရာတွေ ရလို့ ယီရီဗန် ဆေးရုံမှာ ရှိနေပါတယ်။ တတိယမြောက် မြေးတစ်ဦးကတော့ ဂျူတီကျနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly