ကာရာဘက်ခ် လမ်းတွေမှာ ရုရှား စစ်သည်တွေ ကင်းလှည့်နေ 

ကာရာဘက်ခ် လမ်းတွေမှာ ရုရှား စစ်သည်တွေ ကင်းလှည့်နေ 
Photo - AFP

နိုဝင်ဘာ ၁၅

နာဂေါ်နို ကာရာဘက်ခ်ရဲ့ မာတက်ကာ့တ် ဒေသရှိ ဂက်တာဗန် ကျေးရွာမှာ ရုရှားစစ်သားတွေဟာ သံချပ်ကာ ယာဉ်တစ်စီးနဲ့အတူ လမ်းတစ်လမ်းပေါ်မှာ တပ်ဖြန့်လျက် ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ အိမ်နီးချင်းတွေဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား အငြင်းပွား ဒေသအရေးနဲ့ပတ်သက်လို့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ မော်စကို ကျောထောက်နောက်ခံပြု ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ခုလို ရုရှား စစ်သည်တွေ တပ်ဖြန့်ကင်းလှည့်နေတာ ဖြစ်ပါတယ်။ 

နာဂေါ်နို ကာရာဘက်ခ်ရှိ ကျေးရွာသားတွေဟာ အာမေးနီးယားဆီ ထွက်မပြေးခင် စနေနေ့က ၎င်းတို့တွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ နယ်မြေ အစိတ်အပိုင်းအချို့ကို အဇာဘိုင်ဂျန်ထံ လွှဲပြောင်းပေးအပ်ရမယ့် သီတင်းပတ်ကုန် နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ ခုလိုမျိုး ရွာသားတွေက ၎င်းတို့ အိမ်တွေကို မီးရှို့ခဲ့ကြတာဖြစ်ပါတယ်။ 

အာမေးနီးယား ခွဲထွက်ရေးဝါဒီတွေ ဆယ်စုနှစ်များစွာကြာ ထိန်းချုပ်ထားခဲ့တဲ့ ကယ်လ်ဘာဂျာ အရပ်က ဒေသခံတွေဟာ ဒီ သီတင်းပတ်မှာ အစုလိုက်အပြုံလိုက် စတင် ထွက်ခွာကြပြီဖြစ်ပါတယ်။ ယင်းမတိုင်မီတုန်းက အဆိုပါ အရပ်ဒေသကို အဇာဘိုင်ဂျန်တို့ ပြန်လည် ထိန်းချုပ်မှု ရယူတော့မယ်လို့ ကြေညာထားခဲ့တာဖြစ်ပါတယ်။ 

အာမေးနီးယား တပ်ဖွဲ့ဝင်တွေ ပံ့ပိုးပေးထားခဲ့တဲ့ ခွဲထွက်ရေးသမားတွေနဲ့ အဇာဘိုင်ဂျန်စစ်တပ်အကြား တိုက်ခိုက်မှုတွေဟာ စက်တင်ဘာလကုန်ပိုင်းက စတင်ပေါ်ပေါက်ခဲ့ပြီး သီတင်းပတ် ခြောက်ပတ်ကြာ တိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါ တိုက်ပွဲတွေကြောင့် လူ ၁,၄၀၀ ကျော်သေဆုံးပြီး လူပေါင်းထောင်နဲ့ချီ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ 

အာမေးနီးယား ထိန်းချုပ်မှုအောက်မှာပဲ ဆက်ရှိနေမယ့် မာတက်ကာ့တ် အရပ်ဒေသရဲ့ နယ်စပ်မှာ ရှိတဲ့ ချာရက်ခ်တာ ရွာမှာတော့ စနေနေ့ မနက်ပိုင်းက အနည်းဆုံး နေအိမ် ခြောက်လုံးကို မီးရှို့ခဲ့ပြီး ချိုင့်ဝှမ်းပေါ်မှာ မီးခိုးတွေတက်နေတာကို အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ရပါတယ်။ 

“ဒါက ကျုပ်အိမ်၊ ဒါကို တာ့ခ်တွေလက်ထဲ မထားခဲ့နိုင်ဘူး” ဆိုပြီး ဒေသခံတစ်ဦးက မီးလောင်နေတဲ့ ပျဉ်ချပ်ပြားတစ်ခုနဲ့ ဓာတ်ဆီနှစ်ထားတဲ့ အဝတ်စုတ်တွေကို ဘာမှ မရှိတော့တဲ့ အိမ်တစ်လုံးထဲ ပစ်သွင်းရင်း ပြောပါတယ်။ 

“ဒီနေ့မှာ လူတိုင်း သူတို့အိမ်တွေကို မီးရှို့နေကြတယ်လေ၊ ဒီညသန်းခေါင်မှာ ကျုပ်တို့ ဒီကနေ ထွက်ခွာပေးရမယ်လေ” လို့ ၎င်းက ပြောပါတယ်။ 

ဆိုဗီယက် အဖွဲ့ဝင်ဟောင်း ရန်ဘက် နှစ်နိုင်ငံအကြား ယခုအပတ်အစောပိုင်းမှာ တိုက်ပွဲတွေ အဆုံးသတ်ဖို့ သဘောတူညီချက် ရခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်မီတုန်းက အပစ်ရပ်သဘောတူညီချက်ရဖို့ ရုရှား၊ ပြင်သစ်၊ အမေရိကန်တို့ရဲ့ အားထုတ်မှုတွေကတော့ မအောင်မြင်ခဲ့ပါဘူး။ 

လက်ရှိ ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုထဲမှာတော့ ကယ်လ်ဘာဂျာနဲ့ အက်ဒမ် အရပ်ဒေသတွေကို နိုဝင်ဘာ ၂၀ နဲ့ လာချင် အရပ်ဒေသကို ဒီဇင်ဘာ ၁ ရက် မှာ အာမေးနီးယားတို့က အဇာဘိုင်ဂျန်ထံ ပြန်ပေးရမှာဖြစ်ပါတယ်။ ဒီဒေသတွေကတော့ ၁၉၉၀ စစ်ပွဲတစ်ခုနောက်ပိုင်း အာမေးနီးယားတို့ ထိန်းချုပ်ထားခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ 

သဘောတူညီချက် တစ်စိတ်တစ်ဒေသအနေနဲ့ နိုဝင်ဘာ ၁၁ ရက်မှာ ရုရှား ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေဟာ နာဂေါ်နို ကာရာဘက်ခ်မှာ စတင် တပ်ဖြန့်ခဲ့သလို အငြင်းပွားဒေသနဲ့ အာမေးနီးယားကို ချိတ်ဆက်ထားတဲ့ အဓိက ပို့ဆောင်ရေး ပင်မလမ်းကြောင်းတစ်ခုကိုလည်း ထိန်းချုပ်ထားခဲ့ပါတယ်။ 

တောင်ကုန်းထူထပ်တဲ့ နာဂေါ်နို ကာရာဘက်ခ်က စောင့်ကြည့်စခန်းနေရာ ၁၆ ခုနဲ့ လာချင် စင်္ကြန်တစ်လျှောက်မှာ တပ်ဖွဲ့ဝင် ၂,၀၀၀ နီးပါး ပါဝင်တဲ့ မစ်ရှင်တစ်ခု ထားရှိသွားမယ်လို့ ရုရှားစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly