ဖေဖော်ဝါရီ ၂
အရပ်သားခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့သော စစ်တပ်အား ဆန့်ကျင်သူများဖြင့် ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သည့် အဝေးရောက်အစိုးရ NUG သည် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများတွင် ပါဝင်လာသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ ဘီလာရုစ် အတိုက်အခံခေါင်းဆောင် ဗီယက်လာနာ စီခန်နော့ကာယာနှင့် ဗြိတိန် သဘာဝသိပ္ပံပညာရှင် ဒေးဗစ် အက်တန်ဘောရောက်တို့ကိုလည်း ဆုရှင်များ ရွေးချယ်သည့် မှတ်တမ်းအား ခြေရာကောက်စိစစ်ကြသော နော်ဝေလွှတ်တော်အမတ်များ၏ ထောက်ခံမှုရပြီးနောက် အမည်စာရင်းတွင် တင်သွင်းခံရသည်။
အခြားသော အမည်စာရင်း တင်သွင်းခံရသူများမှာ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဂရီတာ သန်းဘတ်၊ ပုရဟန်းမင်းကြီးနှင့် တူဗားလူနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဆိုင်မွန် ကိုဖီတို့လည်း ကြေညာချက် နောက်ဆုံးမိနစ်တွင် ပါဝင်လာခဲ့ကြသည်။
ကမ္ဘာတစ်လွှားမှ လွှတ်တော်အမတ်များမှသည် ဆုရှင်ဟောင်းများအထိ အဆိုပြုလာသော နိုဘယ်ငြိမ်းချမ်းရေးဆု ရထိုက်သူ ထောင်ပေါင်းများစွာ ရှိနေသည်။
နောက်ဆုံးပိတ် ငြိမ်းချမ်းရေးဆုရှင်အတွက် အမည်စာရင်းတင်သွင်းခြင်းကို နော်ဝေလွှတ်တော်အမတ်များက ၂၀၁၄ မှစတင်ကာ နှစ်စဉ် ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၉ တွင်မူ ထိုသို့ အမည်စာရင်း တင်သွင်းမှု ပျက်ကွက်ထားဖူးသည်။ ပြီးခဲ့သည့်နှစ်က ၎င်းတို့၏ အမည်စာရင်း တင်သွင်းမှုတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နှစ်ဦး၌ တစ်ဦးဖြစ်သူ မာရီယာ ရစ်ဆာ မပါဝင်ခဲ့သော်လည်း ဆုရှင်အဖြစ် ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဆုရှင်ကို အမှန်ဆုံးဖြတ်ရသည့် နော်ဝေ နိုဘယ်ကော်မတီက အမည်စာရင်းများနှင့် ပတ်သက်ပြီး ထင်မြင်ချက် ပေးခြင်း မရှိပေ။ ကော်မတီအနေဖြင့် ဆုရှင် အဆိုပြုစာရင်း သွင်းသူနှင့် ဆုမရသော အမည်စာရင်း သွင်းခံရသူများ၏ အမည်ကို နှစ် ၅၀ ကြာ လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် နော်ဝေလွှတ်တော်အမတ်များကဲ့သို့ အမည်စာရင်းတင်သွင်းသူများက ၎င်းတို့ ရွေးချယ်သော သူများကို အမည်စာရင်းတင်သွင်းခြင်းအဖြစ် ထုတ်ပြန်ဖော်ပြခြင်း ဖြစ်သည်။