သီရိလင်္ကာနိုင်ငံအနေဖြင့် ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရန်နှင့် နိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ မလုံလောက် ခြင်းတို့ကြောင့် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးအခက်အခဲတို့ကို ကျော်လွှားနိုင်စေရန် အိန္ဒိယက အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၁၅ ဘီလျံ အကူအညီပေးရန် ကတိပြုလိုက်သည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီး ဘာဆေးရာဂျပက်ဆာနှင့် ဇန်နဝါရီ ၂၂ ရက် အစောပိုင်းက အွန်လိုင်းမှတစ်ဆင့် အစည်းအဝေး ပြုလုပ်ခဲ့ရာတွင် အိန္ဒိယအနေဖြင့် သီရိလင်္ကာနှင့်အတူ ရပ်တည်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ရသည့် စီးပွားရေးနှင့် အခြား စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် အမေရိကန်ဒေါ်လာ နည်းပါးနေသောကြောင့် လောင်စာဆီမဝယ်ယူနိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်ရန် အိန္ဒိယက ယခုကဲ့သို့ အရေးပေါ်အကူအညီပေးရခြင်း ဖြစ်သည်။
သီရိလင်္ကာအစိုးရက ၂၀၂၂ ခုနှစ်အတွင်း ငွေချေးစာချုပ်အတွက် ဇန်နဝါရီတွင် ကန်ဒေါ်လာ သန်း ၅၀၀၊ ဇူလိုင်လတွင် ကန်ဒေါ်လာ ၁ ဘီလျံတို့အပါအဝင် စုစုပေါင်း ဒေါ်လာ ၇ ဘီလျံ အကြွေးဆပ်ရမည်ဖြစ်သည်။
သီရိလင်္ကာတွင် တရုတ်၏ လုပ်ဆောင်ချက်များကို အိန္ဒိယက စောင့်ကြည့်နေကြောင်းလည်း Policy Research Group ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သီရိလင်္ကာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ ယင်းအစီရင်ခံစာတွင် နှစ်နိုင်ငံဆက်ဆံရေးတွင် အခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဝမ်ယိက သီရိလင်္ကာ အရာရှိကြီးများကို ပြောကြားခဲ့သော်လည်း အိန္ဒိယက အခက်အခဲများကို အကျပ်အတည်းများကို ကူညီဖြေရှင်းပေးနိုင်ခဲ့သည်။