ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် (၁၃) ရပ်ကွက် ဇေယျဝတီ (၄) လမ်းနေ ရာအိမ်မှူး တစ်ဦး ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် ဇေယျဝတီ (၂) လမ်းထိပ်ရှိ လက်ဘက်ရည်ဆိုင်၌ ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း အနီးနေ ဒေသခံများထံက သိရသည်။
“သူ့နာမည်က ဦးလှသွင်၊ ရာအိမ်မှူးအဆင့်ပါ။ သတင်းပေးတာတွေ လုပ်တယ်လို့ လူတော်တော် များများက ပြောနေကြတယ်။ ဒီမနက် လက်ဖက်ရည်ဆိုင်မှာ သူပစ်ခံရတယ်။ ပစ်သွားတဲ့ သူတွေကလည်း အေးဆေးလေးပဲ ရှင်းသွားတာ။ သူပြီးရင် နောက်တစ်ယောက် ကျန်သေးတယ် ဆိုပြီးတောင် အော်သွားသေးတယ် ” ဟု ပစ်ခတ်မှု ဖြစ်စဉ်ကို တွေ့ရှိလိုက်သူ တစ်ဦးက ပြောသည်။
ဦးလှသွင်သည် သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခံရပြီး ဆေးရုံသို့ ပို့ဆောင်နေစဉ် လမ်း၌ပင် သေဆုံးခဲ့သည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ပြီး သာကေတ ခိုင်ရွှေဝါ လမ်းမကိုလည်း ပိတ်ဆို့ ထားကြောင်း သိရသည်။
ယခုပစ်ခတ်မှုကို မည်သူ၊ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုမှု မသိရသေးပေ။