ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးလေးကျေးရွာ၌ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်က စတင်ပြီး နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က DKBA (ခွဲထွက်) တပ်ဖွဲ့၏ ဗိုလ်စလုံး စခန်းအနီးကို လက်နက်ကြီး များဖြင့် ပစ်ခတ်နေပြီး အဆိုပါ စခန်းရှေ့ရှိ နေအိမ် တစ်လုံးလည်း လက်နက်ကြီး ထိမှန် ပျက်စီးသွားသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။
ဗိုလ်စလုံးစခန်းအနီးနှင့် ဖလူးလေး ကျေးရွာတို့တွင် ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ပြီး လေးရက် ဆက်တိုက် တိုက်ပွဲပြင်းထန် နေခြင်း ဖြစ်သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ညအချိန်ကလည်း ဖလူးလေးကျေးရွာတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်သံနှင့် နှစ်ဘက်တပ်များ အကြား အပြန်အလှန် လက်နက်ငယ် ပစ်ခတ်သံ အချက်ပေါင်းများစွာကို ကြားခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။
ယင်းအပြင် ဇန်နဝါရီလ ၁၀ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖလူးလေးရွာ အနီးရှိ သောင်းရင်းမြစ်ကမ်း ဘေးတွင် ခိုလှုံနေရသည့် နေရပ် မပြန်နိုင်သေးသော စစ်ဘေး ဒုက္ခသည်များ သောင်းရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသေးသည်။
မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော် မြို့သစ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုအပြင် လေကြောင်း ပစ်ခတ်မှုများ လည်း ပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်မြို့သစ် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၁၆၀၀၀ ဝန်းကျင် ရှိနေပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်လျက် ရှိသည်။
Video- ယနေ့ဖြစ်ပွားနေသော ဖလူးလေးတိုက်ပွဲ (ပေးပို့ - CJ)