ဒီဇင်ဘာ ၂၆
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ သရက်နှစ်ခွရွာ အနီး၌ ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ယင်းကျေးရွာနေ ဒေသခံများ ထံက သိရသည်။
စစ်ကောင်စီကားလေးစီးပါ ယာဉ်တန်း ဖြတ်မောင်းလာစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
မိုင်းကွဲအပြီးတွင် စစ်ကောင်စီ တပ်သားများက အဆိုပါနေရာတစ်ဝိုက် သေနတ်များ ပစ်ခတ်ခဲ့ပြီး ယင်းကျေးရွာရှိ လူနေအိမ် တစ်လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
" သေနတ်တွေ တစ်နာရီလောက် ဆက်တိုက် ပစ်ခတ်သံ ကြားရတယ်။ သေနတ်သံတွေကတော့ တစ်ဖက်တည်း ပစ်ခတ်နေတဲ့ အသံမျိုးပါ။ နောက်တော့ အိမ်တွေကို အကြမ်းဖက် ဝင်ရောက် စစ်ဆေး ဖျက်ဆီးခဲ့တယ်" ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။
ရွာသားတချို့လည်း ရိုက်နှက် စစ်ဆေးခြင်း ခံခဲ့ရသည်ဟု ဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက် ညကလည်း စစ်ကောင်စီ၏ ယာဉ်တန်းကို သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ နှင့် သင်းကျွန်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။
သရက်ချောင်းမှ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုမိုင်းဆွဲတိုက်ခိုက်မှုသည် ရွာနေပြည်သူများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်က ဆိုထားသည်