ကျွမ်းကျင်သူများ၏ အဆိုအရ တရုတ်အစိုးရဟက်ကာများသည် ဓာတ်အားပေးစက်ရုံများ၊ မီးပွိုင့်များ၊ ဘဏ်များနှင့် ဆေးရုံများကို အချိန်မရွေး ထိန်းချုပ်နိုင်သည်။ အကယ်၍ တရုတ်က သြစတြေးလျကို ဆိုက်ဘာတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက ကောင်းစွာပြင်ဆင်ထားပြီးဖြစ်ကာ ကလစ်တစ်ချက်နှိပ်ရုံဖြင့် သြစတြေးလျ၏ ပါဝါအားလုံးကို ရယူနိုင်သည်။
တရုတ်ဟက်ကာများသည် ကွင်းစလန်းပြည်နယ်ရှိ CS Energy ၏ ကျောက်မီးသွေးစက်ရုံနှစ်ရုံကို နိုဝင်ဘာ ၂၇ ရက်က ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အလုပ်သမားများသည် အရေးကြီးသောဒေတာနှင့် အီးမေးလ်များကို ဝင်ရောက်ကြည့်ရှုခွင့်မရဖြစ်ခဲ့သည်။
သြစတြေးလျသည် ဟက်ကာကာကွယ်ရေးတွင် ရင်းနှီးမြုပ်နှံမှုကို နှစ်ပေါင်းများစွာ လျှော့ချခဲ့ပြီးနောက် အစိုးရနှင့် ပုဂ္ဂလိကကော်ပိုရေးရှင်းများကို အကာအကွယ်မဲ့လုနီးပါး ဖြစ်စေခဲ့ကာ အတိမ်းအစောင်းမခံသော အခြေအနေရှိနေသည်ဟု ဆိုသည်။
“တရုတ်ဟက်ကာတွေက အရမ်းကို စည်းစနစ်ကျပါတယ်။ နည်းပညာအရ ကျွမ်းကျင်ကြပြီး သူတို့ကို အစိုးရက ထောက်ပံ့ထားပါတယ်။ သူတို့က ဆိုက်ဘာတိုက်ခိုက်မှုကို ကြီးမြတ်ခမ်းနားမှုအတွက် ဆက်လက်လုပ်ဆောင်နေတဲ့ အခြားအစိတ်အပိုင်းတစ်ခုအဖြစ် မြင်ကြပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ်” ဟု ဆိုက်ဘာလုံခြုံရေးဆိုင်ရာ UNSW Institute မှ ဒါရိုက်တာ နီဂယ်ဖဲလ်က ပြောသည်။
သြစတြေးလျအစိုးရသည် ဆိုက်ဘာတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ၎င်းတို့အား မကြုံစဖူးသော အခွင့်အာဏာများပေးမည့် ဥပဒေသစ်များကို ယခုစတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
အကယ်၍ ၎င်းတို့၏ အရေးပါသော အခြေခံအဆောက်အအုံများသည် ဆိုက်ဘာတိုက်ခိုက်မှု ခံရပါက လုံခြုံရေးဥပဒေဆိုင်ရာပြင်ဆင်ချက် (အရေးပါသောအခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း) ၂၀၂၀ သည် ပုဂ္ဂလိကကုမ္ပဏီများအား ထိန်းချုပ်ရန် အစိုးရအား ခွင့်ပြုမည်ဖြစ်သည်။
ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေကြေးနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော အရေးပါသည့် အခြေခံအဆောက်အအုံကုမ္ပဏီများသည် အန္တရာယ်အရှိဆုံးဟု ယူဆကြသော်လည်း လုပ်ငန်းအားလုံးသည် ၎င်းတို့၏လုံခြုံရေးကို အားကောင်းရန် လိုအပ်သည်ဟု ဖဲလ်က ပြောကြားခဲ့သည်။
ကုမ္ပဏီများသည် ကာကွယ်ရေးကို မြှင့်တင်နိုင်သော်လည်း သြစတြေးလျအတွက် ပိုမိုထိရောက်သောချဉ်းကပ်မှုမှာ တရုတ်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှု ပြန်လည် လုပ်ဆောင်ရန်ဖြစ်ကြောင်း မစ္စတာဖဲလ်က ပြောသည်။