ထိုင်ဝမ်အနီးတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် တရုတ်စစ်တပ်၏ စစ်ဆင်ရေးများသည် အစမ်း လေ့ကျင့်မှု များ နှင့် ဆင်တူကြောင်းနှင့် ထိုင်ဝမ်အား အမေရိကန်၏ အခိုင်အမာ ထောက်ခံမှုကိုလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ထပ်မံအတည်ပြုခဲ့သည်။
ထိုင်ဝမ်၏ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းကို အမေရိကန်က ဆက်လက်ပံ့ပိုးပေးရန် ကတိပြုထားကြောင်း လွိုက်အော်စတင်က ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် ဆီမီချိုင့်ဝှမ်းရှိ ရော်နယ်ရေဂင်သမ္မတစာကြည့်တိုက်တွင် ပြုလုပ်သည့် အမျိုသား ကာကွယ်ရေးဖိုရမ်တွင် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က မိန့်ခွန်းပြောကြားရာတွင် ယုံကြည်ချက် ပိုမိုမြင့်လာသည့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများ၊ ၎င်းတို့ နှစ်နိုင်ငံအကြား အမှန်တကယ် ခြားနားချက်များကို အလေးပေးဖော်ပြခဲ့သည်။
မကြာသေးမီလများအတွင်း တရုတ်စစ်တပ်က ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုနေသည့် ထိုင်ဝမ် အနီးတွင် ရေကြောင်းနှင့် လေကြောင်းစစ်ဆင်မှုများကို ပိုမိုပြင်းထန်စွာ ပြုလုပ်လာခဲ့သည်။
အချို့သော လေ့လာသုံးသပ်သူများက တရုတ်အစိုးရသည် သမ္မတဘိုင်ဒင်၏ ရာထူးသက်တမ်း ပထမနှစ်အတွင်း ၎င်းကို စမ်းသပ်နေခြင်းဖြစ်နိုင်ကြောင်း အကြံပြုထားသည်။
တရုတ်နိုင်ငံသည် ယင်း၏ "စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေးနှင့် နည်းပညာဆိုင်ရာ ပါဝါများကို အသုံးပြု၍ တည်ငြိမ်ပြီး ပွင့်လင်းသော နိုင်ငံတကာစနစ်ကို စဉ်ဆက်မပြတ် စိန်ခေါ်မှုတစ်ရပ်ကို ပြုလုပ်နေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်" ဟု အော်စတင်က ပြောကြားခဲ့သည်။