ဒီဇင်ဘာ ၈
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ခရိုင် ရဲတပ်ဖွဲ့ရုံး နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့၏ အနီးတစ်နေရာတွင် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၃နာရီ မိနစ် ၅၀ ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မနက်အစောကြီးမို့ မြို့ထဲကလူတွေ သိပ်မသိလိုက်ကြဘူး။ ဗုံးပေါက်တယ်လည်း မထင်ကြတာ။ မြို့ထဲမှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ အဲ့နားမှာ စရဖရုံးရော တရားရုံးရော စည်ပင်ရုံးရောရှိတာ စစ်တပ်က အမြဲစောင့်နေတဲ့နေရာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုဖောက်ခွဲမှုကို Myaungmya Special Task Forceက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အပြီးတွင် ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။
“MMSTFက လုပ်ဆောင်ခဲ့တာပါ။ အကုန်လုံးအထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ လူတွေတော့ ထိမသွားအောင် ပထမအကြိမ် သတိပေးဖောက်ခွဲခဲ့တာပါ”ဟု Myaungmya Special Task Forceအဖွဲ့ တာဝန်ရှိသူက ပြောသည်။
မြောင်းမြမြို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ပရဟိတလုပ်ဆောင်နေသည့် လူငယ်များနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလုပ်ဆောင်နေသည့် သံဃာတော်တစ်ပါးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။