ဒီဇင်ဘာ ၇
ထားဝယ်မြို့နယ်၊ ကရပ်ပြင်ရပ်ကွက် ဆေးရုံလမ်းရှိ အဝတ်အထည်ဆိုင်၌ ဈေးဝယ်နေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဒီဇင်ဘာလ ၇ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူမှာ ကိုမိုးလေး ဆိုသူဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ကရပ်ပြင်ရပ်ကွက်ရှိ မရှမ်းမ အဝတ်ဆိုင်၌ ပစ္စည်းလာရောက် ဝယ်ယူစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု အဆိုပါ မြို့ခံက ပြောသည်။
"သူက အဝတ်ဆိုင်မှာ ပစ္စည်းလာဝယ်တဲ့ အချိန်မှာ အရပ်ဝတ်နဲ့ လူနှစ်ဦး ဝင်လာပြီး ဖမ်းသွားတာ"ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရ သေးပေ။
ကိုမိုးလေးသည် ကရပ်ပြင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံး အနီး နေထိုင်သူဖြစ်သည်ဟု မြို့ခံများက ဆိုသည်။