လိင်စည်းမခြား (LGBT) များအတွက် တရုတ်နိုင်ငံတွင် ထင်ရှားသော အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့သည် လူမှုရေးတက်ကြွလှုပ်ရှားမှုများအပေါ် ကန့်သတ်ချက်များကြီးထွားလာချိန်တွင် ၎င်းတို့ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်သည်။
ပိုမိုကောင်းမွန်သည့် အခွင့်အရေးများအတွက် တွန်းအားပေးသော ဥပဒေရေးရာ ကိစ္စအများအပြားတွင် ဦးဆောင်လှုပ်ရှားနေသည့် LGBT Rights Advocacy China အဖွဲ့သည် ၎င်းတို့ လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်းနှင့် လူမှုမီဒီယာအကောင့်များကို ပိတ်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်က ကြေညာခဲ့သည်။
ယင်းအဖွဲ့သည် လိင်တူချစ်သူများ၏ အခွင့်အရေးကို တွန်းအားပေးကာ ၎င်းတို့ကို အသိပညာပေးမှု မြှင့်တင်ခြင်းများကို နိုင်ငံအနှံ့လှုပ်ရှားခဲ့သည်။
လိင်စည်းမခြားသူ တစ်ဦးချင်းစီအား ကူညီထောက်ပံ့ရေးကို အလေးထားလုပ်ဆောင်သည့် အခြားအဖွဲ့များစွာရှိသော်လည်း LGBT Rights Advocacy သည် ဥပဒေနှင့် မူဝါဒကို ပြောင်းလဲရန် အလေးထားလုပ်ဆောင်သူ လက်တစ်ဆုပ်စာထဲမှ တစ်ဖွဲ့ဖြစ်သည်။
အရပ်ဘက်ရေးရာဝန်ကြီးဌာနသည်တရားမဝင်လူမှုရေးအဖွဲ့အစည်းပေါင်း ၃၃၀၀ ကို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။
ဝန်ကြီးဌာနသည် မည်သည့်အစိုးရအဖွဲ့အစည်းနှင့်မှ မှတ်ပုံမတင်ထားသည့် တရားမဝင်ဝက်ဘ်ဆိုက် ၂၀၀ ခန့်နှင့် တစ်ဦးချင်းစီနှင့်ဆိုင်သောလူမှုမီဒီယာအကောင့်များကို ပိတ်ပစ်ခဲ့သည်။ အစိုးရ၏လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါLGBT Rights Advocacy China အဖွဲ့အား ပိတ်သိမ်းလိုက်သလားဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။
လိင်စည်းမခြား အကြောင်းအရာနှင့်ပတ်သက်သည့် တက္ကသိုလ်ကျောင်းသားများနှင့် အကျိုးအမြတ်မယူသောအဖွဲ့များ လုပ်ဆောင်နေသည့် အကောင့်ဒါဇင်ပေါင်းများစွာကိုလည်း WeChat က ဇူလိုင်လအတွင်း ပိတ်ပစ်ခဲ့သည် ။