အောက်တိုဘာ ၆
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ နာယကနှင့် ဥက္ကဌအပါအ၀င် ပါတီအဖွဲ့ဝင် ငါးဦး၏ နေအိမ်များအား အကြမ်းဖက်စစ်ကောင်စီမှ ယမန်နေ့ အောက်တိုဘာလ ၅ ရက် ညပိုင်းက ချိပ်ပိတ်လိုက်ကြောင်း လယ်သစ်ကျေးရွာနေ ဒေသခံများထံမှ သိရသည်။
လယ်သစ်ရွာ NLD ပါတီ၏ နာယက ဦးလှမြင့် နှင့် ရပ်ကျေးပါတီ ဥက္ကဌ ဦးစန်းယုတို့၏ နေအိမ်များနှင့်အတူ နောက်ထပ် အဖွဲ့ဝင် သုံးဦး၏ နေအိမ်များကို မည်သူမျှ မဝင်ရန် ချိပ်ပိတ်လိုက်ကြောင်း စစ်ကောင်စီတပ် အင်အား ၂၀ ခန့်က ရွာအတွင်း အသံချဲ့စက်ဖြင့်အော်ကာ သတိပေးခဲ့ခြင်း ဖြစ်သည်။
"လူမနေတော့တဲ့ NLD ဥက္ကဌအိမ်အပါအ၀င် ငါး အိမ်ကို မနေ့ကချိပ်ပိတ်လိုက်တာ၊ နိုင်ငံတော်ပြည်သူပိုင်အဖြစ် သိမ်းတယ်ဆိုပြီး။ ပြန်လာတာနဲ့ သေနတ်နဲ့ပစ်သတ်မယ်ဆိုပြီး စစ်ခွေးတွေက ပြောထားတာ ခုနှစ်လလောက်ရှိပြီ။ NLD အဖွဲ့၀င်အိမ်တွေကိုလည်း ရှစ်ကြိမ်လောက်ဖျက်ဆီးထားတာ၊ အိမ်ထဲက ကလေးအ၀တ်ပါမကျန်သယ်ပြီး ကျန်တာဖျက်ဆီးပစ်တာ"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
လယ်သစ်ကျေးရွာတွင် စစ်ကောင်စီတပ်သား အယောက် ၂၀ခန့် တပ်စွဲထားပြီး ပျူစောထီးအဖွဲ့၀င် အယောက် ၂၀ ကျော်ဖြင့် ရွာထဲရှိ ရွာခံများအား ဖမ်းဆီး၍ ပုံစံအမျိုးမျိူးဖြင့် ညှဥ်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးသွားသူများကို အခကြေးငွေအမျိူးမျိူးတောင်းခံ၍ ပြန်ရွေးခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
"အနီးအနားပတ်၀န်းကျင်က သူတွေရဲ့ဖုန်းတွေလည်းသိမ်းတယ်။ လယ်သမားတွေ ရိုးရိုးသားသားလုပ်ကိုင်စားသောက်တဲ့ မရှိဆင်းရဲသားတွေကိုလည်း မထင်ရင်မထင်သလိုဖမ်းပြီး ရွာထဲလှည့်အော်ခိုင်းတာ၊ PDF ကအစိုးရကိုဆန့်ကျင် နေတဲ့သူပုန်အဖွဲ့ဖြစ်ပါတယ်။ NLD အဖွဲ့၀င်တွေက အကြမ်းဖက်သမားတွေဖြစ်ပါတယ်ဆိုပြီး စစ်သားတွေအော်ခိုင်းတဲ့အတိုင်းအော်ရတယ်။ မအော်တဲ့သူဆိုသေဖို့သာပြင်ပဲ လက်ပြန်ကြိုးတုပ်ရိုက်တာလည်းရှိတယ်။ ရိုက်နှက်နှိပ်စက်တာလည်းရှိတယ်။ ရွာသားတွေက ကြောက်ကြလို့ အခုဆို ဖုန်းပြောရင်တောင် သုံးမိုင်လောက်ဝေးတဲ့နေရာထိ သွားပြောရတယ် "ဟု လယ်သစ်ကျေးရွာရှိ ဒေသခံကပြောသည်။
အိမ်ခြေ ၁,၅၀၀ ရှိသည့် လယ်သစ်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ယခုအချိန်အထိ တစ်လခွဲအတွင်း ဒေသခံ အယောက် ၄၀ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသူတချို့ ရှိကြောင်းသိရသည်။
မြင်းခြံမြို့နယ်ရှိ လယ်သစ်ကျေးရွာတွင် ပြီးခဲ့သည့်မေလ ၇ ရက်က ဒလန်ဟုယူဆရသူ၏ နေအိမ်အား ဗုံးဖောက်ခွဲခဲ့သည်ဟု စစ်ကောင်စီတပ်က အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသားအား စွပ်စွဲကာ၎င်း၏ ခေါင်းကို သေနတ်ဖြင့်တေ့ကာ ပစ်သတ်ခဲ့ပြီး ၎င်း၏မိသားစုဝင် ငါးဦးအားဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။