ဩဂုတ် ၁၉ ရက်
ရေစကြိုမြို့အစိုးရရုံးများနှင့် ရဲစခန်းတွင် ယနေ့နံနက်က စုစုပေါင်း ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဒေသခံများအပြောအရသိရသည်။
စုပေါင်းရုံးဟုခေါ်သည့် မြို့နယ်အုပ်ချုပ်ရေးများဝန်းအတွင်းတွင် နံနက် ၉ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ဗုံးနှစ်လုံး မိနစ်ပိုင်းခြားပေါက်ကွဲခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်က ပခုက္ကူ-ရေစကြိုလမ်းပေါ်ရှိ ပခန်းကြီးနယ်မြေရဲစခန်းအတွင်း ပေါက်ကွဲမှုတစ်ခုထပ်ဖြစ်ပြန်သည်။
"ထိခိုက်မှုကတော့ ရှိတယ်။ ဘယ်လောက်ရှိလဲ ဆိုတာမသိဘူး။ ကျွန်မတို့လည်း ကြားတာပဲ ရှိသေးတာ။ သေဆုံးမှုတွေ ရှိနိုင်တယ်" ဟု မကွေးတိုင်းဒေသကြီး၊ ရေစကြိုရှိ ဒေသခံတစ်ဦးက ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ရောက်လာပြီး နေရာယူထားပြီး လမ်းသွားလမ်းလာများကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှု ပြုလုပ်နေခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လဆန်းပိုင်းတွင်လည်း မီတာမဆောင်သည့် ပြည်သူများကို မီးဖြတ်ထားမှုကြောင့် EPC ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့သေးသည်။