ဩဂုတ် ၈
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရွှေတမာအုပ်စု၊ လက်မအစ္စလာမ်အများစု နေထိုင်ရာ လက်မကျေးရွာထဲသို့ ရက္ခိုင့်တပ်တော် (AA) ဝင်ရောက်ခဲ့ခြင်းမှာ ရပ်ရွာလူကြီးများ၏အကူအညီတောင်းခံခြင်းကြောင့်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး ဒေသခံများအား အကြမ်းဖက်နှိပ်စက်ခြင်း မပြုလုပ်ခဲ့ကြောင်း ယင်းဒေသရှိအစ္စလာမ်သာသနာရေးရာကောင်စီ အဖွဲ့မှထုတ်ပြန်ရှင်းလင်းထားသည်။
မင်းပြားနှင့် မြောက်ဦးမြို့နယ်အတွင်းက ဘာသာ ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် အစ္စလာမ်သာသနာရေးရာ ကောင်စီကဩဂုတ်လ ၇ ရက်နေ့ ရက်စွဲ့ဖြင့်ထုတ်ပြန်ရှင်းလင်းထားခြင်းဖြစ်သည်။
မင်းပြားမြို့နယ် လက်မကျေးရွာအား AA တပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ဒေသခံများအပေါ် ဖမ်းဆီးနှိပ်စက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်းသတင်းထွက်ပေါ်လာသည့် နောက်တွင် မြို့နယ် အစ္စလာမ်သာသနာရေးရာ ကောင်စီမှ ထုတ်ပြန်ရှင်းလင်းထားခြင်းဖြစ်သည်။
လက်မကျေးရွာတွင် မသာမာသူတစ်ချို့ မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ်မှ ကျွဲနွားများအား ခိုးယူခြင်း၊ နေအိမ်ပေါ်အထိ တက်ရောက်ကာ ပစ္စည်းများယူဆောင်ခြင်း၊ကုန်စုံဆိုင်အတွင်းရှိပစ္စည်းများအား ဖောက်ထွင်းခိုးယူသည့် အခြေအနေများမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှလက်ရှိအချိန်ထိ လုပ်ဆောင်နေကြသည့် အခြေအနေများ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ထို့အပြင် နေအိမ်များ မီးရှို့ခြင်း၊ လူသတ်မှုကျူးလွန်ခြင်းနှင့် မတရားနည်းလမ်း တို့ဖြင့်အသက်မွေးဝမ်း ကျောင်း ပြုလုပ်နေကြပြီး ခိုးဆိုးလုယက်ခြင်းများ တစ်ရက်ထက်တစ်ရက် များပြားလာသည့် အခြေအနေအပေါ် ဒေသခံများက စိုးရိမ်နေကြရကြောင်း ရေးသားဖော်ပြထားသည်။
အမှုကျူးလွန်နေသူများအပေါ် ရပ်ရွာအတွင်းရှိ တာ၀န်ရှိရပ်မိရပ်ဖများက ဖမ်းဆီးထိန်းသိမ်းဖြေရှင်းရန်အတွက်အခက်အခဲရှိ နေသောကြောင့် AA တပ်မ တော်မှ တာ၀န်ရှိသူများထံ တိုင်ကြားခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့တွင် လူဆိုးလုယက် ဆိုးသွမ်းသူများအား ရပ်ရွာလူကြီးများ ရှေ့မှောက်မှတဆင့် ရက္ခိုင့်တပ်တော် AAမှ တာ၀န်ရှိသူများက ထိန်းသိမ်းထားရန်အတွက်ခေါ် ဆောင်သွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရသိရပါသည်။
ရက္ခိုင့်တပ်တော် AA သည် ဒေသခံများအပေါ် နှိပ်စက်အနိုင်ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် ထွက်ပေါ်လာသော သတင်းများမှာ ကွဲလွဲနေသဖြင့် ထုတ်ပြန်ရှင်းလင်းရခြင်း ဖြစ်ကြောင်း၊ မြို့နယ် အစ္စလာမ်သာသနာရေးရာ ကောင်စီမှ အသိပေးရှင်းလင်း ရေးသားထားခြင်းဖြစ်သည်။