ပင်လယ်ရေကြောင်း အငိုက်ဖမ်းစီးနင်းမှု ရေယာဥ်နှင့် အင်ဂျင်စက်များကို တရုတ်သို့ တရားမ၀င် တင်ပို့ရန်နှင့် ဖက်ဒရယ်အစိုးရ၏ အလိုအလျောက် ပို့ကုန်လုပ်ငန်းစနစ်ကနေတဆင့် မမှန်မကန်ဖော်ပြထားသော ပို့ကုန်သတင်းအချက်အလက်များကို တင်သွင်းရန် လျှို့၀ှက်ပူးပေါင်းကြံစည်မှုအတွက် တရုတ်နိုင်ငံသားတစ်ဦး အမေရိကန်နိုင်ငံ ဖက်ဒရယ်အကျဥ်းထောင်တွင် ထောင်ဒဏ် သုံးနှစ်နှင့် ခြောက်လကျခံစေရန် ဇူလိုင် ၁၄ ရက်က ချမှတ်ခံခဲ့ရသည်။
၎င်း၏ လျှောက်လဲချက် ဆိုင်ရာ သဘောတူညီချက် တစိတ်တပိုင်းအဖြစ် ၎င်းသည် ဒဏ်ကြေး ဒေါ်လာ ၁၁၄,၈၃၄ ဒသမ ၂၇ ပေးဆောင်ရရန် သဘောတူခဲ့ကြောင်းနှင့် ယင်းသည် လေမှုတ်သွင်းနိုင်သော စီးနင်းတိုက်ခိုက်မှု ရေယာဥ်နှင့် အင်ဂျင်စက်များ ၀ယ်ယူရန် အမေရိကန် ထုတ်လုပ်သူလုပ်ငန်းတစ်ခုထံ ချိတ်ဆက်ငွေလွှဲပို့ပေးခဲ့သည့် ပမာဏဖြစ်ကြောင်း အမေရိကန် တရားရေးဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်းကျင်းမြို့မှ ဖြစ်သော အသက် ၅၁ နှစ်အရွယ် ဂီ ဆုန်ထောင်သည် ၎င်းတွင် အပြစ်ရှိကြောင်းကို ၂၀၂၀ နို၀င်ဘာ ၂ ရက်တွင် ၀န်ခံထွက်ဆိုခဲ့သည်။ တရားရုံး စာရွက်စာတမ်းများအရ ဂီ သည် တရုတ်နိုင်ငံ ရှန်ဟိုင်း အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော Shanghai Breeze Technology Co. Ltd ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့ကြောင်း သိရသည်။
ဓာတ်ဆီ၊ ဒီဇယ် လောင်စာ သို့မဟုတ် လေယာဥ် လောင်စာ တို့ကို အသုံးပြုပြီး လည်ပတ်မောင်းနှင်နိုင်သော အင်ဂျင်စက်များ တင်ဆင်ထားသည့် အမေရိကန်ထုတ် တိုက်ခိုက်ရေးဆိုင်ရာ အငိုက်ဖမ်းစီးနင်းမှု ရော်ဘာရေယာဥ်ကို ၀ယ်ယူထောက်ပံ့နိုင်မည့် ရင်းမြစ်တစ်ခုကို ရွေးထုတ်ရှာဖွေရန် ဂီသည် ၂၀၁၈ ခုနှစ်မှစပြီး စိတ်၀င်စားခဲ့ကြောင်း သိရသည်။
ဤ ရေယာဥ်များနှင့် လောင်စာမျိုးစုံသုံး အင်ဂျင်စက်များကို အမေရိကန်စစ်တပ်က အသုံးပြုနေပြီး ယင်းတို့ကို ရေငုပ်နေသော ရေငုပ်သင်္ဘောတစ်စင်းကနေ လွှတ်ကာ အသုံးပြုနိုင်သလို လေယာဥ်တစင်းကနေ သမုဒ္ဒရာထဲ ချပြီး အသုံးပြုနိုင်ကြောင်း သိရသည်။ ယင်းတို့နှင့် ယှဥ်နိုင်သော အင်ဂျင်စက်များကို တရုတ်တွင် ထုတ်လုပ်နိုင်ခြင်း မရှိပေ။
ဂီ၏ အမေရိကန်အခြေစိုက် ၀န်ထမ်းတစ်ဦးဖြစ်သလို ပူးတွဲတရားခံလည်း ဖြစ်သည့် ယန်ယန် အမည်ရ အမျိုးသမီးတစ်ဦးသည် အမေရိကန် ထုတ်လုပ်သူတစ်ဦးထံမှ အထက်ပါ အင်ဂျင်စက်များတပ်ဆင်ထားသော စီးနင်းတိုက်ခိုက်မှု ရေယာဥ် ခုနစ်စင်းကို အော်ဒါမှာယူရန် ကြိုးပမ်းခဲ့သည်။
ယန်သည် စျေးနှုန်းပိုမိုသက်သာသော ဓာတ်ဆီလောင်စာသုံး အင်ဂျင်စက်များကို ၀ယ်ယူမည်ဟု အမေရိကန်ထုတ်လုပ်သူဘက်က ယူဆခဲ့ချိန် သူမက သူမအနေဖြင့် စစ်ဘက်သုံးမော်ဒယ်ဖြစ်သည့် လောင်စီမျိုးစုံသုံးနိုင်သည့် အင်ဂျင်စက်များကို ၀ယ်ယူချင်ခဲ့ကြောင်း အခိုင်အမာ ပြောခဲ့သည်။
ယင်းတို့ကို ရောင်းချစေရန်အလို့ငှာ ထုတ်လုပ်သူထံ တိုက်တွန်းရန်အတွက် ယန်သည် သူမ၏ ဖောက်သည်အဖြစ် ရှန်ဟိုင်းမှ Shanghai Breeze Technology Co ကို ဖော်ပြရမည့်အစား သူမ၏ ဖောက်သည်မှာ ဟောင်ကောင်ရှိ United Vision Limited ဟု ခေါ်သော လုပ်ငန်းတစ်ခုဖြစ်သည် ဆိုပြီး မမှန်မကန် တင်ပြပြောဆိုခဲ့သည်။
အမေရိကန် ကုန်ထုတ်လုပ်သူများသည် တရုတ်ပြည်မကြီးရှိ လုပ်ငန်းကုမ္ပဏီများထက်စာရင် ဟောင်ကောင်ရှိ လုပ်ငန်းတစ်ခုခုကို ရောင်းချပေးနိုင်ခြေ ပိုများဖွယ် ရှိကြောင်း ယန်၏ တရုတ်နိုင်ငံသားလုပ်ဖော်ကိုင်ဘက်များအနက် တစ်ဦးက သူမကို ပြောခဲ့သည်။
ဤ ပစ္စည်းများကို မည်သည့် ကုမ္ပဏီက ၀ယ်ယူသလဲ ဆိုသည်နှင့် ကုမ္ပဏီ မည်သည့်နေရာတွင် အခြေစိုက်သည် ဆိုသည်တို့ကို မမှန်မကန် လိမ်လည်ဖော်ပြခြင်းအားဖြင့် ယန်သည် ဖက်ဒရယ် ဥပဒေကို ချိုးဖောက်ကာ ကုန်သွယ်မှုဌာန၏ အလိုအလျောက် ပို့ကုန်စနစ်တွင် မှားယွင်းသော အချက်အလက်များဖြင့် တင်ပြမှုကို ဖြစ်စေခဲ့သည်။
အငိုက်ဖမ်းစီးနင်းတိုက်ခိုက်မှု ရေယာဥ်နှင့် အင်ဂျင်စက်များ ၀ယ်ယူမှုကို အဆင်ပြေဖြစ်မြောက်စေရန် ဂီသည် ဟောင်ကောင်ရှိ သီးခြားကုမ္ပဏီတစ်ခုဖြစ်သော Belt Consulting Company Limited ထံ wire transfer (တစ်နိုင်ငံမှ တစ်နိုင်ငံ ငွေပို့သည့်စနစ်) ကို စီစဥ်ခဲ့ပြီး ထို Belt Consulting Company Limited က အမေရိကန် ထုတ်လုပ်သူလုပ်ငန်းထံ ဒေါ်လာ ၁၁၄,၈၃၄ ဒသမ ၂၇ ကို တဆင့် ပေးပို့ပေးခဲ့သည်။
ထို့ပြင် ၎င်းသည် စီးနင်းတိုက်ခိုက်မှု ရေယာဥ်နှင့် အင်ဂျင်များကို လက်ခံရယူရန်နှင့် တရုတ်ပြည်မကြီးထံ တဆင့် ပြန်ပို့ရန်အတွက် ဟောင်ကောင်သို့ အမှုထမ်းတစ်ဦး စေလွှတ်ရန် အစီအစဥ်များကိုလည်း ညှိနှိုင်းချိတ်ဆက်လုပ်ဆောင်ခဲ့သည်။
သို့သော် စီးနင်းတိုက်ခိုက်မှု ရေယာဥ်နှင့် အင်ဂျင်စက်များကို ပြည်ပသို့ မတင်ပို့ခင်မှာပဲ အထက်ပါ အကြံအစည် ပျက်ပြားခဲ့ပြီး အာဏာပိုင်များက ဂီ နှင့် အတူ ပူးတွဲ တရားခံများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။