ဇူလိုင် ၇
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST ) ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို အဖွဲ့ကနေ တရားဝင် နှုတ်ထွက်ခွင့်ပြုကြောင်း PPST က ဒီကနေ့ (ဇူလိုင်လ ၇ ရက်) မှာ ကြေညာပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ (PPST) အစည်းအဝေး (၁၇/၂၀၂၁) ကနေ အခုလို လက်ခံအတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ PPST မှာ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် နှစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ပြောထားပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်နှုတ်ထွက်သွားတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်းကို တာဝန်ပေးလိုက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဗိုလ်မှူးကြီး စိုင်းငင်းကို အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။
NCA ရဲ့ အနှစ်သာရကို အခြေခံပြီး လက်ရှိပြည်ထောင်စုအတွင်း ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းကို ပြေလည်နိုင်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ (PPST) ကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။