ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဒေသခံလူနေအိမ်တွေကို အကြောင်းမဲ့ ဓားပြတိုက်ဖောက်ထွင်းလုယက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
မနေ့က ဇွန်လ ၁၉ရက်မှာ မိသားစု၀င်လေးဦး သေဆုံးခဲ့တဲ့ အင်းယာကုန်းရပ်ကွက်မှာတင် ဖောက်ထွင်းလုယက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောပါတယ်။
"တစ်မြို့လုံးလည်း သေနတ်ပစ်ဖောက်သံတွေနေ့တိုင်းကြားနေရတယ်၊ မနေ့ကဆိုလည်း မိသားစု၀င်လေးယောက်ကိုသတ်ပြီး ပရိဘောဂပစ္စည်းပါမကျန်အကုန်မသွားတယ်။ ဟိုနေ့ (ဇွန်လ ၁၈ ရက်)ကဆို အထည်ရောင်းတဲ့အိမ်က ရွှေ တစ်ဆယ်သားနဲ့ ပိုက်ဆံသိန်း ၄၀ အပြင် အထည်တွေပါသယ်သွားတာ။ ကံကောင်းချင်တော့ အဲ့ဒီအိမ်ကမိသားစုက သူတို့၀င်တော့မယ့်အချိန် အနောက်ဖေးအပေါက်ကနေ ပြေးလို့လွတ်သွားတာ။ စစ်ကောင်စီက အကြောင်းမရှိဘဲ ပိုက်ဆံရှိတဲ့အိမ်တွေကိုပဲ လိုက်ဖောက်နေတာ၊ ဓားပြတိုက်တဲ့ပုံစံမျိူးပေါ့" လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
မနေ့က ညပိုင်း ၈နာရီခွဲလောက်ကလည်း အကြမ်းဖက်စစ်ကောင်စီက ကလေးမြို့၊ အင်းယာကုန်းရပ်ကွက်က ဒေသခံလူနေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားသုံးဦး၊ အမျိူးသမီးတစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ရပါတယ်။
တစ်ဆက်တည်းမှာပဲ မနေ့ ညပိုင်းကအသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဒီကနေ့ ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်းမှာ အလောင်းပြန်လာယူဖို့ မိသားစု၀င်တွေကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းဒေသကြီး ကလေးမြို့ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်မှုများကို ခံနေရတဲ့ အပြင် COVID -19 ရောဂါ ပိုးကူးစက်သေဆုံးမှုနှုန်းမှာလည်း အရှိန်အဟုန် မြှင့်တက်နေပါတယ်။
ကလေးမြို့မှာ COVID -19 တတိယလှိုင်းကာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၄၀ ကျော် ရှိပြီလို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ထံမှ သိရပါတယ်။