ဇွန် ၁၉
နေအိမ်အကျဉ်းချုပ် ကျနေပြီး လာမယ့်အပတ်မှာ တရားရုံးအမှု ရင်ဆိုင်ရဖို့ ရှိတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ စနေနေ့မှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ ပန်းပန်ပြီး ဆန္ဒဖော်ထုတ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံရတာကြောင့် ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့ပြီး နယ်စပ်ဒေသတွေမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။
ဆံထိုးမှာ ပန်းပန်ထားလေ့ရှိတဲ့ ပုံသွင်ဟာ ဒီကနေ့မှာ အသက် ၇၆ နှစ်ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်ကိုအမှတ်လက္ခဏာတစ်ရပ်အဖြစ် ရေရှည်ရှိနေခဲ့တာပါ။
မြန်မာနိုင်ငံတစ်ဝန်းက လူမှုမီဒီယာပေါ်မှာ တော်တော်များများက ခေါင်းမှာ ပန်းပန်ကြပြီး ဓာတ်ပုံတွေ ပို့စ်တင်ကြပါတယ်။
ဒီလို တင်ကြသူတွေကြားမှာ Myanmar Miss Universe အလှမယ် မသူဇာဝင့်လွင်က သူ့ ဆံပင်မှာ အနီရောင် ပန်းပန်ထားတဲ့ ဓာတ်ပုံနဲ့ “ကျွန်မတို့ရဲ့ ခေါင်းဆောင် ကျန်းမာပါစေ”ဆိုပြီး ပို့စ်ရေးသားတင်ထားပါတယ်။
ရန်ကုန်မြောက်ပိုင်းတစ်နေရာမှာလည်း ဆန္ဒပြသူတွေဟာ ဓာတ်တိုင်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းနဲ့ တစ်သားတည်းရှိကြောင်း ဖော်ပြတဲ့ ပိုစတာတွေကို ချိတ်ဆွဲကြပါတယ်။ “ပျော်ရွှင်ဖွယ် မွေးနေ့ပါ အမေစု၊ အမေနောက်မှာ ရပ်တည်နေတယ်”ဆိုတဲ့ စာတွေကို ချိတ်ဆွဲကြတာ ဖြစ်ပါတယ်။
အချို့ကတော့ ထီးမည်းတွေ ကိုင်ဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့အတူ “Freedom From Fear”ဆိုတဲ့ စာသားပါ စာတမ်းတွေကို ကိုင်ဆောင်ချီတက်ကြတာတွေလည်း ရှိပါတယ်။
ကရင်ပြည်နယ် နယ်စပ်ဒေသမှာ လက်နက်ကိုင်တိုင်းရင်းသား စစ်သားအချို့က သူတို့ရဲ့ သေနတ်တွေနဲ့အတူ အဝါ၊ အဖြူ၊ ခရမ်း ပန်းစည်းတွေကို ကိုင်ဆောင်ရင်း နားမှာလည်း ပန်းတစ်ပွင့်ဆီ ထိုးလို့ ဓာတ်ပုံရိုက် ပို့စ်တင်ကြပါတယ်။
အရှေ့တောင်ပိုင်း ထားဝယ်မြို့က ဆန္ဒပြသူတွေကတော့ ပန်းရောင်မွေးနေ့ကိတ်ကြီး ပြုလုပ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။
နိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သတ်ဖြတ်ခံရတဲ့ အရပ်သားဦးရေဟာ အနည်းဆုံး ၈၇၀ ရှိပြီး ဖမ်းဆီးထောင်ချထားတဲ့ ဆန္ဒပြသူ ၅၀၀၀ နီးပါးရှိနေတယ်လို့ ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ခန့်မှန်းထားပါတယ်။