မေ ၂
စစ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၇၆၅ ဦး အထိရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။
ယနေ့ အပြစ်မဲ့ပြည်သူ ၅ ဦးကျဆုံးခဲ့ရပြီး သီပေါမြို့၊ နောင်ချိုမြို့၊ ဖားကန့်မြို့၊ ဝက်လက်မြို့တို့မှ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း AAPP ဆိုပါတယ်။
အဆိုပါ အရေအတွက်ဟာ AAPP မှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ကြောင်းလည်း ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၅၅၅) ဦးရှိပြီး သူတို့ထဲက (၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
ဖမ်းဝရမ်းထုတ်ခြင်းခံထားရတာကြောင့် တိမ်းရှောင်နေသူ (၁၃၉၆) ဦးရှိပြီး သူတို့ထဲက (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး လက်ရှိမှာ တိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။