ဧပြီ ၂၆
အကြမ်းဖက်စစ်ကောင်စီရဲ့ တရားစွဲဆိုခြင်းကိုခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှုစစ်ဆေးဖို့ ကြန့်ကြာနေတဲ့အပေါ် ဒီကနေ့ ရုံးချိန်းမှာ မေးခွန်းထုတ်ပြောဆိုခဲ့သည်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံး မှာ ဧပြီလ ၂၆ ရက်နေ့ Video Conferencing စနစ်ဖြင့် ရုံးထုတ်ခဲ့ချိန်မှာပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
“အမှုက ဒီလိုပဲကြာနေတယ်။ အမှုစစ်ဖို့တောင်မစစ်နိုင်ပဲ နဲ့ကြာနေတယ်။ ဒါတွေကမပြီးနိုင်သေးဘူးလား ။ အမှုသွားအမှုလာစစ်ဖို့နေနေသာသာ လုပ်ငန်းစဉ်တွေကမပြီးသေးဘူးလား “ ဟုဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း တရားလွှတ်တော်ရှေ့နေဦးကြည်ဝင်းကပြောသည်။
ထို့အပြင် ယနေ့ရုံးချိန်းတွင် တရားလွှတ်တော်ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် နှင့်လူချင်းတွေ့ဆုံပြီး အမှုညွှန်ကြားချက် ရယူလိုသည့် အတွက် တရားရုံးသို့စာတင် တောင်းဆိုခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
နောက်တစ်ခါ ရုံးချိန်းကို မေလ ၁၀ ရက်နေ့ သို့ပြန်လည်ချိန်းပြီး ဒေါ်အောင်ဆန်းစုကြည့်နှင့် လူချင်းတွေ့ဆုံခွင့် ရ၊ မရကို ယင်းရုံးချိန်းမှသိရမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကပြောသည်။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ခြောက်ခု နဲ့တရားရင်ဆိုင်နေရတာဖြစ်ပြီး နေပြည်တော်မှာငါးမှု နဲ့ ရန်ကုန်မှာ တစ်မှု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန် သွင်းကုန် ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နှင့် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) ၊ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ တို့ဖြင့် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် တရားရုံးတွင်တရားစွဲဆိုထားသည်။နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) နဲ့ကတော့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် စွဲဆိုထားခြင်းဖြစ်သည်။
နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုခံရမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဩစတေးလျနိုင်ငံသား စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲလ်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အပါအဝင်ငါးဦးတို့ဖြစ်ပြီး အမှုတွဲဖိုင်ကို ကူးယူပြီးပြီဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေနေ့များက ဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများအဖြစ် ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဦးသန်းနိုင်နှင့် ဦးကျော်စိန်လွင် တို့က လိုက်ပါ ဆောင်ရွက်ပေးနေကြခြင်းဖြစ်သည်။