မြန်မာအာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကို ဂျိုးဘိုင်ဒင် အပြင်းအထန် ရှုတ်ချပြောဆို

မြန်မာအာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကို ဂျိုးဘိုင်ဒင် အပြင်းအထန် ရှုတ်ချပြောဆို
Photo - AFP

မတ် ၂၉

ကလေးငယ်အချို့အပါအ၀င် လူပေါင်း ၁၀၀ ကျော်ကို သေဆုံးစေခဲ့သည့် မြန်မာအာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်ဖြိုခွင်းမှုများမှာ “လုံး၀ လက်ခံနိုင်ဖွယ်မရှိသည့် လူမဆန်မှု” အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အပြင်းအထန် ရှုတ်ချပြစ်တင်လိုက်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က စစ်တပ်နှင့် ရဲက အကြမ်းဖက်ပစ်ခတ်ခဲ့သည့်အတွက် နိုင်ငံတစ်၀န်း လူရာကျော် သေဆုံးခဲ့ရပြီး ယင်းနေ့သည် အာဏာသိမ်းမှုနောက်ပိုင်း လူအသေအပျောက်အများဆုံးနေ့လည်း ဖြစ်ခဲ့ရသည်။

နိုင်ငံတွင် ထိန်းသိမ်းခံ အရပ်သားခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး၊ ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် နိုင်ငံတစ်၀န်း ပြည်သူများ၏ သီတင်းပတ်များစွာနှင့်ချီ တောင်းဆိုဆန္ဒပြနေမှုများအပေါ် စစ်တပ်နှင့် ရဲက လူမဆန်စွာ ဖိနှိပ်ပြီး လူရာနှင့်ချီကို သတ်ဖြတ်ထားခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က လူပေါင်း ၁၀၇ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂက ပြောခဲ့သည်။

“ကျွန်တော် သိထားရတာတွေကို အခြေခံပြီး ပြောရရင် ဒါက လုံး၀ လက်ခံနိုင်ဖွယ် မရှိပါဘူး၊ ခုလို လူတွေအများကြီး သေဆုံးခဲ့ရတာက လုံး၀ မလိုလားအပ်တဲ့ကိစ္စပါပဲ” ဟု သမ္မတ ဘိုင်ဒင်က တနင်္ဂနွေနေ့က သတင်းထောက်များကို ပြောသွားခဲ့သည်။

အလားတူ မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ယင်း၏ တပ်မတော်နေ့ အခမ်းအနားကို ကျင်းပခဲ့သည့် နေ့ကို စက်ဆုပ်ရွံရှာစရာကောင်းပြီး အရှက်ရစရာ နေ့တစ်နေ့ ဖြစ်စေခဲ့သည်ဆိုပြီး ဥ‌ရောပသမဂ္ဂ နိုင်ငံခြားရေးမူ၀ါဒ အကြီးအကဲ ဂျိုးဆက်ပ် ဘောရဲလ်က ပြစ်တင်ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly