မတ် ၁၃ ၊၂၀၂၁
အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျတို့နဲ့အတူ ကနဦးပူးတွဲကြေညာချက်မှာ အိန္ဒိယနိုင်ငံအနေနဲ့ လာမယ့် နှစ်မကုန်ခင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ဘီလီယံကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
Quad လို့ခေါ်တဲ့ ဒီ လေးနိုင်ငံရဲ့ ထိပ်သီးအစည်းအဝေးတစ်ရပ်အပြီးမှာ ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် ကြီးမားတဲ့ ပူးပေါင်းကတိပြုချက်ကို ရရှိခဲ့တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။
“Quad အဖွဲ့ဟာ အာဆီယံ၊ အင်ဒို-ပစိဖိတ်နဲ့ အလွန်ဆီ ၂၀၂၀ မကုန်ခင် ကာကွယ်ဆေးပေါင်း တစ်ဘီလီယံ ဖြန့်ဖြူးပေးနိုင်ဖို့ ကတိကဝတ်ပြုခဲ့ကြတယ်”လို့ သတင်းထောက်တွေကို ဂျိတ်ဆူလီဗန်က ပြောပါတယ်။
အိန္ဒိယက Biological E Ltd. ကုမ္ပဏီကနေပြီး လာမယ့် နှစ်မကုန်ခင်မှာ အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး တစ်ဘီလီယံ ထုတ်လုပ်သွားမှာ ဖြစ်ပြီး ထုတ်လုပ်သွားဖို့ ရည်မှန်းထားတဲ့ ကာကွယ်ဆေးက အမေရိကန်ထုတ် တစ်ကြိမ်တည်း ထိုးနှံရတဲ့ Johnson & Johnson ကာကွယ်ဆေးဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
အခု အိန္ဒိယမှာ ကာကွယ်ဆေး ထုတ်လုပ်မှုကို ဂျပန်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက စီမံကိန်းတွေအတွက် ဘဏ္ဍာငွေထောက်ပံ့နေတဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်းက ငွေကြေးထောက်ပံ့မှာ ဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံကလည်း အရှေ့တောင်အာရှမှာ ကာကွယ်ဆေး ဖြန့်ဖြူးရေးတင်မကဘဲ စီမံခန့်ခွဲနိုင်တဲ့ လုပ်ငန်းတွေပါ လုပ်ဆောင်နိုင်ဖို့အတွက် အစောပိုင်းက အမေရိကန်ဒေါ်လာ ၄၀၇ သန်း မတည်မယ်လို့ ကတိခံထားရာကနေ နောက်ထပ် ဒေါ်လာ ၇၇ သန်း ထပ်မံ ထောက်ပံ့သွားမယ်လို့ ကတိပြုကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
ဂျပန်နိုင်ငံကတော့ အပူအအေးကို သေချာထိန်းပြီး ထားသိုရတဲ့ ကာကွယ်ဆေးတွေ ဖြန့်ဖြူးရေးအတွက် အမေရိကန်ဒေါ်လာ ၄၁ သန်း ထည့်ဝင်ပေးသွားမှာ ဖြစ်ပါတယ်။