တိုင်ပေ (ထိုင်ဝမ်) ။ ။ ဟောင်ကောင်တွင် ဒီမိုကရေစီတောင်းဆိုသည့် ထင်ရှားကျော်ကြားသူ ၄၇ ဦးအား နိုင်ငံတော်လုံခြုံရေးဥပဒေအရ တရားစွဲဆိုခံရပြီးနောက် ယင်းဒေသရှိ နိုင်ငံရေးသမားများကို ထိထိရောက်ရောက် ကာကွယ်ပေးရန် ထိုင်ဝမ် ကျောင်းသားများက ၎င်းတို့ သမ္မတ ဆိုင်အင်ဝမ်းကို မတ်လ ၂ ရက်တွင် တောင်းဆိုလိုက်သည်။
ထိုင်ဝမ်လွှတ်တော် Legislative Yuan ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖိနှိပ်ခံနေရသူများကို အစိုးရအနေဖြင့် ထိရောက်သော အကူအညီများပေးရန် ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြကြောင်း Focus Taiwan သတင်းဌာနက ဖော်ပြခဲ့သည်။
ဟောင်ကောင်နှင့် မက္ကာအိုအရေးကိစ္စများနှင့် ပတ်သက်သည့် ဥပဒေနှင့် စည်းမျဉ်းများ၏ ပုဒ်မ ၆၀ ကို ပြင်ဆင်ရန် ထိုင်ဝမ် လူ့အခွင့်အရေးအသင်းက တင်သွင်းသည့် အဆိုကို ထောက်ခံရန် ကျောင်းသားများက လွှတ်တော်သို့ တောင်းဆိုခဲ့ကြသည်။
လက်ရှိ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၂ ခုတွင် ထိုင်ဝမ်၏လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် အပြောင်းအလဲ အခြေအနေတစ်မျိုးမျိုးဖြစ်လာပါက သမ္မတအနေဖြင့် ဥပဒေအစိတ်အပိုင်း တစ်ခုခုကို ဆိုင်းငံ့ထားနိုင်သည်။
တရုတ်အစိုးရက ပြဌာန်းလိုက်သော ရက်စက်ပြင်းထန်သည့် နိုင်ငံတော်လုံခြုံရေးဥပဒေအရ အချုပ်အခြာအာဏာကို ဖျက်ဆီးရန် ပူးပေါင်းဆောင်ရွက်မှုဖြင့် လွှတ်တော်အမတ်ဟောင်းများနှင့် တက်ကြွလှုပ်ရှားသူ ၄၇ ဦးကို ဟောင်ကောင်ရဲများက တရားစွဲဆိုထားသည်။
ဟောင်ကောင်ရှိ လက်ရှိအစိုးရအဖွဲ့ကို ဖြုတ်ချရန် တရားမဝင် ကနဦး ရွေးကောက်ပွဲ ကျင်းပရာတွင် ပါဝင်ခဲ့မှုဖြင့် လွှတ်တော်အမတ်များကို ဖေဖော်ဝါရီ ၂၈ ရက်တွင် တရားစွဲဆိုခဲ့ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။
ဟောင်ကောင်တွင် နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူ အများဆုံးကို နိုင်ငံတော်လုံခြုံရေးဥပဒေဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း SCMP သတင်းတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများတွင် ဒီမိုကရက်တစ်ပါတီနှင့် Civic party ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားဟောင်းများ ပါဝင်ကြပြီး အသက် ၂၃ နှစ်မှ ၆၄ နှစ်အကြားဖြစ်ကြသည်။
(ANI)