မတ် ၅
မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် Alphabet Inc ၏ YouTube သည် ၎င်းပလက်ဖောင်းပေါ်တွင်ရှိသော မြန်မာစစ်တပ်လက်အောက်ရှိ ရုပ်မြင်သံကြား ငါးလိုင်းကို ဖယ်ရှားခဲ့သည်။ ဖယ်ရှားခံရသည့် ချန်နယ်များတွင် နိုင်ငံပိုင်မီဒီယာ MRTV နှင့် စစ်တပ်ပိုင် Myawaddy Media ၊ MWD Variety နှင့် MWD Myanmar တို့လည်းပါဝင်သည်။
YouTube ၏ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေ၊ သက်ဆိုင်ရာ ဥပဒေတွေအရ ချန်နယ်တွေနဲ့ ဗီဒီယိုအများအပြားကို YouTube ကနေ ဖယ်ရှားခဲ့ပါတယ်”ဟု ဆိုသည်။
မတ်လ ၃ ရက်၌ လုံခြုံရေးတပ်ဖွဲ့များက မြန်မာနိုင်ငံတချို့ဒေသများ၌ အာဏာရှင်ဆန့်ကျင်ရေးစုဝေးမှုများကို ကျည်ဆန်အစစ်များသုံးကာ နှိမ်နင်းခဲ့စဉ် လူပေါင်း ၃၈ ဦးသေဆုံးစေခဲ့သည့် အသေအပျောက်အများဆုံး ရက်သတ္တပတ်အတွင်း YouTube က ၎င်းရုပ်သံချန်နယ်များအား ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံ၏ နိုဝင်ဘာရွေးကောက်ပွဲမဲပေးမှု မျှတခဲ့ကြောင်း ပြောခဲ့သော်လည်း စစ်တပ်သည် ထိုကိစ္စအား ကန့်ကွက်ရန်နှင့် အာဏာသိမ်းရခြင်း အကြောင်းပြချက်ကောင်းရှာရန် မီဒီယာကို အသုံးပြုခဲ့သည်။
ဖေဖော်ဝါရီလကလည်း ဖေ့စ်ဘွတ်ရှိ MRTV စာမျက်နှာများ ဖယ်ရှားခံခဲ့ရသည်။ ဖေ့စ်ဘွတ်သည် မြန်မာစစ်တပ်နှင့်ဆက်သွယ်သော စာမျက်နှာအားလုံးကို တားမြစ်ပြီးဖြစ်သည်။
တခြားလူမှုမီဒီယာပလက်ဖောင်းများကလည်း စစ်တပ်ဆိုင်ရာအကြောင်းအရာများနှင့် မြန်မာနိုင်ငံအတွင်း အမုန်းစကားနှင့် သတင်းမှားများပျံ့နှံ့ခြင်းကိုလျော့နည်းစေရန် လုပ်ဆောင်လျက်ရှိသည်။
မြန်မာစစ်သားများနှင့်ရဲများသည် TikTok ကိုအသုံးပြုကာ ဆန္ဒပြသူများအား အသက်အန္တရာယ်ခြိမ်းခြောက်မှုများလည်းရှိသည်ဟု ရိုက်တာက ကြာသပေတေးနေ့တွင် ဖော်ပြခဲ့သည်။