ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ က်နေ့ကနေ မတ်လ၂ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးမင်းသူနှင့် ကိုယ်စားလှယ် ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ဦးမင်းသူကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်အစောပိုင်းက နေပြည်တော်ဥတ္တရသီရိမြို့နယ်ရှိ ရွှေဂုံတိုင် ဟော်တယ်မှာတည်းခိုနေစဉ် ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဦးမင်းသူဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့သားဖြစ်သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ "အခုအဖေဖမ်းဆီးခံလိုက်ရတဲ့ အခြေအနေမှာ စစ်တပ်နဲ့ရဲက အခန်းနံပါတ်အတိအကျနဲ့ နာမည်ပြောပြီး လာဖမ်းသွားတာပါ။ဖေဖေ သတင်းပေးခံလိုက်ရတယ်လို့ ယူဆပါတယ်"ဟု ပြီးခဲ့သည့်ရက်ပိုင်းက ရေးသားထားသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ နေ့လည်ပိုင်းက ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်ကိုလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဦးကျော်မင်းလှိုင်နဲ့ အဆက်အသွယ် မရရှိသေးဘူးလို့ သူ့ရဲ့ အမျိုးသမီးက ပြောပါတယ်။
ဒီကနေ့ မတ်လ၂ရက်နေ့ နံနက် အစောပိုင်းကလည်း ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်းကို သူနေထိုင်ရာ သာဝတ္ထိလမ်းဆုံအနီးမှာ ဖမ်းဆီးထိန်းသိမ်းသွားကြောင်း သိရသည်။
"မိသားစုတွေကတော့ အကုန်လုံးစိတ်မကောင်းကြဘူး။ ဘယ်မှာရှိလဲဆိုတာလည်းသိချင်တယ်။ အဲ့အတွက် ဒက္ခိဏရဲစခန်းကိုလည်း ခုသွားနေပါပြီ"ဟု သူမရဲ့ အမျိုးသမီးက ပြောသည်။
လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုပါ ဒီချုပ်ပါတီကိုယ်စားလှယ် သုံးဦးကို မည်သည့်နေရာမှာ ဖမ်းဆီးထားသည်ဆိုတာကို အဆက်အသွယ်မရရှိသေးကြောင်း သူတို့ရဲ့ မိသားစုဝင်တွေက ပြောသည်။