ဖေဖော်ဝါရီ ၂၂
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာ့စစ်အာဏာသိမ်းမှုနောက်ကွယ်မှ တာဝန်ရှိသူများအသုံးပြုသော ရက်စက်ကြမ်းကြုတ်သော အင်အားစုကို ပြစ်တင်ရှုတ်ချကြောင်း တနင်္လာနေ့တွင် ပြောဆိုလိုက်ပြီး ဖိနှိပ်ချုပ်ချယ်မှုများကို ချက်ချင်း ရပ်တန့်ရန်နှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန် စစ်တပ်အား တိုက်တွန်းလိုက်သည်။
“ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်တပ်ကို ကျွန်တော် တောင်းဆိုပါတယ်” ဟု ဂူတာရက်စ်က ယနေ့ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ဗီဒီယိုမှတ်တမ်းမှတစ်ဆင့် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။
ဂူတာရက်စ်က “ခေတ်သစ်ကမ္ဘာမှာ စစ်အာဏာသိမ်းမှုအတွက် နေရာမရှိ” ဟု အခိုင်အမာပြောဆိုလျက် “ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးပါ။ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပါ။ လူ့အခွင့်အရေးနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ပြည်သူတွေ ထုတ်ဖော်ပြသခဲ့တဲ့ ဆန္ဒကို လေးစားပါ ” ဟု ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးတောင်းဆိုကာ အင်အားအလုံးအရင်းနှင့် ငြိမ်းချမ်းစွာဆန္ဒပြနေသော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ကာ စစ်တပ်က ၎င်းတို့စစ်နည်းဗျူဟာများကို တစ်စတစ်စ အရှိန်မြှင့်လာခြင်းဖြစ်သည်။
ဂူတာရက်စ်သည် စနေနေ့က လူသေစေခဲ့သော မန္တလေးဖြိုခွင်းမှုကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို အင်အားအလွန်အကျွံသုံးကာ ခြိမ်းခြောက်ခြင်းနှင့် နှောင့်ယှက်ခြင်းများသည် လက်ခံနိုင်ဖွယ်မရှိကြောင်း တနင်္ဂနွေနေ့က တွစ်တာမှတစ်ဆင့် ပြောဆိုခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ၏ ၄၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဂျီနီဗာမြို့၌ကျင်းပနေခြင်းဖြစ်ပြီး ယခုအစည်းအဝေးသည် ၂၀၂၁ နှစ်အတွက် ကောင်စီ၏ အဓိကကျသော အစည်းအဝေးဖြစ်သည်။