ဖေဖော်ဝါရီ ၁၊ ၂၀၂၁
ဒီမိုကရေစီနည်းလမ်းကျတဲ့ နိုင်ငံရေးစနစ် အမြန်ဆုံး ပြန်ရရေးအတွက် တပ်မတော်ကို ထပ်မံ တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ကူးပြောင်းမှုဖြစ်စဉ်တွေကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့ပြီး ဒီအခြေအနေကို ပြောင်းပြန် ပြောင်းလဲသွားစေမယ့် ဘယ်လှုပ်ရှားမှုကိုမဆို ဆန့်ကျင် ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ် အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ဂျပန်သံရုံးက တိုက်တွန်းပါတယ်။
အလားတူ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲမှုအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မိပါကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီအပြင် တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရက်တစ် လုပ်ငန်းစဉ်ကို ဆွဲကိုင်ထားမယ်လို့ ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေကို သတိပြုမိကြောင်းနဲ့ ပိုပြီးသိရှိနားလည်းအောင် ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ပြောဆိုခဲ့ပါသေးတယ်။