ကော့သောင်း၊ ဇန်နဝါရီ ၁၆
ကော့သောင်းမြို့တွင်ဂက်စ်အိုးများတင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ဂက်စ်အိုးများ ပေါက်ကွဲသဖြင့် ယာဉ်မောင်းအမျိုးသားသေဆုံးခဲ့ကာ အနီးရှိ နေအိမ် လေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း ကော့သောင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရသည်။
ဂက်စ်အိုးများတင်ဆောင်လာသည့် အဆိုပါ ၁၀ ဘီးတပ်မော်တော်ယာဉ်သည် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ မြရည် ပုလဲလမ်းတွင် အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကော့သောင်းမြို့နယ် မီးသတ်တပ်ဖွဲ့
“မီးလောင်မှုကြောင့် ယာဉ်မောင်း တစ်ဦး သေဆုံးပါတယ်၊ နောက်ပြီး လူနေအိမ် လေးလုံးပါ မီးလောင်မှု ဖြစ်ပွားခဲ့တယ်”ဟု ကော့သောင်း ခရိုင် မီးသတ် ဦးစီးမှူး ဦးအောင်ငြိမ်းဦးက ပြောသည်။
မီးလောင်မှုကို ကော့သောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီး၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၂၅) ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူ ယာဉ်မောင်း ဖြစ်သူ အောင်ကိုလွင် အသက် ၃၆ နှစ်အား ကော့သောင်း မြို့မ ရဲစခန်းမှ ပုဒ်မ ၃၀၄-က (လူသေမှု)၊ ပုဒ် ၂၈၅ (မီးပေါ့ဆမှု)၊ ပုဒ်မ ၂၇၉ (ယာဉ်ပေါ့ဆစွာ မောင်းနှင်မှု) တို့ဖြင့် အမှုဖွင့် အရေးယူ ထားသည်။