ဇန်နဝါရီ ၁၂
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် အခမ်းအနား အတော်များများကို ပယ်ဖျက်ခဲ့ကြပေမယ့် ရင့်ကျက်တဲ့အရွယ်ရောက်တဲ့အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပနေကျ အရွယ်ရောက်သူများပွဲတော်ကို တနင်္လာနေ့မှာ ကျင်းပခဲ့ကြပြီး လူငယ်များစွာက အလှပဆုံး ကီမိုနိုဝတ်စုံတွေဝတ်ဆင်ကာ ပွဲတက်ခဲ့ကြပါတယ်။
ဒီနှစ်မှာ အသက် ၂၀ ပြည့်တဲ့ ဂျပန်လူငယ်ပေါင်း တစ်သန်းကျော်ရှိပြီး ဒီအသက်အရွယ်ရောက်ပြီဆိုတာနဲ့ မိဘခွင့်ပြုချက်မလိုဘဲ အရက် ဆေးလိပ်တို့ကို တရားဝင် သောက်သုံးနိုင်သလို လက်ထပ်ထိမ်းမြားတာတွေ ပြုလုပ်ခွင့်ရပြီဖြစ်ပါတယ်။
အရွယ်ရောက်သူများနေ့အခမ်းအနားကို နှစ်စဉ် ဇန်နဝါရီလမှာ တရားဝင်အခမ်းအနားနဲ့ ထုံးတမ်းစဉ်လာအရ ကျင်းပလာခဲ့တာဖြစ်ပြီး ရှေးခေတ် ဆာမူရိုင်းမိသားစုက ဆင်းသက်လာတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။
ဇန်နဝါရီ ၁၁ ရက်က ရိုးရာအရကျင်းပခဲ့တဲ့ အရွယ်ရောက်သူများပွဲတော်ကို ကိုဗစ်-၁၉ စည်းမျဉ်းတွေနဲ့အညီ ကျင်းပခဲ့ကြပါတယ်။
ပွဲတက်သူတွေဟာ အဝင်ဝမှာ ကိုယ်အပူချိန်တိုင်းတာ၊ လက်သန့်ဆေးရည်သုံးတာနဲ့ လူမှုအကွာအဝေးကန့်သတ်ချက် စတဲ့ စည်းကမ်းတွေလိုက်နာကြရပြီး ပွဲဝင်ဆံ့တဲ့လူပမာဏကိုလည်း ထက်ဝက်အထိ လျှော့ချခဲ့ပါတယ်။
တိုကျိုအနောက်တောင်ဘက် ကာဝါဆာကီမှာကျင်းပတဲ့ အရွယ်ရောက်သူများပွဲတော်ကို တက်ရောက်လာတဲ့ ကျောင်းသူ နာအိုမီ အိုဘာက “ရောဂါကူးစက်မှုအန္တရာယ်ရှိတာတော့ သိပါတယ်။ ဒါပေမယ့် ဒီပွဲက တစ်သက်မှာ တစ်ခါပဲကြုံရတာလေ။ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့လည်း တွေ့ရတယ်” လို့ AFP ကိုပြောပါတယ်။
အာယာနဲအူချီနို လို့အမည်ရတဲ့ ကျောင်းသူကလည်း “အခမ်းအနားပြီးသွားရင် အိမ်ကို တန်းပြန်ရမှာပါ။ ဗိုင်းရပ်စ်ကြောင့် သူငယ်ချင်းတွေနဲ့ စားသောက်ပွဲတွေ မသွားနိုင်တာတော့ ဝမ်းနည်းစရာကောင်းတာပေါ့ရှင်” လို့ဆိုပါတယ်။
ကာဝါဆာကီနဲ့ အိမ်နီးချင်းယိုကိုဟားမားမြို့တွေဟာလည်း တိုကျိုလိုပဲ အရေးပေါ်အခြေအနေကြေညာထားတဲ့မြို့တွေ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက အရေးပေါ်စီမံချက်တွေလိုက်နာကြဖို့ လူငယ်တွေကို တိုက်တွန်းထားပါတယ်။ ရပ်ကွက်နေပြည်သူတွေကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေကိုလည်း စောစောပိတ်ဖို့ တောင်းဆိုထားပါတယ်။