ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် တိုက်စစ်မှူး ဘန်ဇီမာကို "သူ့ရဲ့ အလုပ်နဲ့ မိသားစုအပေါ်" အာရုံစိုက်ဖို့နဲ့ ငွညှစ်မှုနဲ့ ရုံးတင်စစ်ဆေးခံတော့မယ့်အရေးကြောင့် အနှောက်အယှဉ်မဖြစ်ဖို့ အကြံပေးခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ ဘန်ဇီမာဟာ လိင်ကိစ္စပါဝင်နေတဲ့ ဗီဒီယိုကို လူသိထင်ရှားအောင် လုပ်မယ်ဆိုပြီး ပြင်သစ်အသင်းဖော်ဟောင်း ဗယ်လ်ဘူနာဆီကနေ ခြိမ်းခြောက် ငွေညှစ်ဖို့ ကြံစည်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတာဖြစ်ပါတယ်။
"ကျနော် သူ့ကို အပြည့်အဝ ထောက်ခံတယ်။ သူနဲ့အတူ ရှိနေတယ်။ ဒါက လွယ်ကူတဲ့ အခြေအနေတွေ မဟုတ်ဘူးဆိုတာ ကျနော် ကောင်းကောင်းသိပါတယ်။"လို့ ဇီဒန်းက သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"အရေးကြီးဆုံးကတော့ သူ အဆင်ပြေနေဖို့နဲ့ ဒါကို လုံးလုံးဂရုမစိုက်ဖို့ပါ။ သူချစ်တဲ့အရာတွေ၊ အလုပ်အပေါ်၊ သူချစ်တဲ့ သူ့မိသားစုအပေါ် အာရုံစိုက်ထားဖို့ပါပဲ။"
ဘန်ဇီမာနဲ့ အခြားအမျိုးသားလေးဦးကို ရုံးတင်စစ်ဆေးမယ့်နေ့ကိုတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် ဘန်ဇီမာဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၈၁ ပွဲ ကစားခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံအသင်းအတွက် ရွေးချယ်ခြင်း မခံခဲ့ရတော့ပါဘူး။