ဇန်နဝါရီ ၇
တရုတ်နိုင်ငံမြောက်ပိုင်း ဟဲဘေးပြည်နယ်က လူဦးရေ ၁၁ သန်းခန့် နေထိုင်တဲ့ ရှီးကျားကျွမ်းမြို့မှာ ဗုဒ္ဓဟူးနေ့က COVID-19 အစုလိုက်ကူးစက်မှု တွေ့ရှိခဲ့တဲ့အတွက် အာဏာပိုင်တွေက အဆိုပါမြို့ကို ခရီးသွားခွင့် တားမြစ်လိုက်ပါတယ်။
ပေကျင်းမြို့တောင်ဘက် ကီလိုမီတာ ၃၀၀ (မိုင် ၂၀၀) ဝန်းကျင်မှာရှိတဲ့ ရှီးကျားကျွမ်းမြို့သွားရာ အဓိကအဝေးပြေးလမ်းမကြီး ၁၀ ခုကိုလည်း ပိတ်ထားပြီး မြို့ပြင်ပကို ဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးဖို့ အဝေးပြေးကားဝန်းကိုပါ ပိတ်ထားပါတယ်။
ရှီးကျားကျွမ်းမြို့မှာ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ အနည်းဆုံး ၆၃ ဦးအပါအဝင် ခုရက်ပိုင်းအတွင်း ရောဂါကူးစက်ခံရသူ ၁၁၇ ဦးရှိခဲ့ကာ ၇၈ ယောက်က ရောဂါလက္ခဏာပြသခြင်းမရှိပါဘူး။
ဇန်နဝါရီ ၆ ရက်က ကွမ်တုန်းပြည်နယ်မှာလည်း တောင်အာဖရိကမှာ တွေ့ရှိရတဲ့ ဗီဇပြောင်းဗိုင်းရပ်ကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ဒီဇင်ဘာလတုန်းက ကွမ်တုန်းပြည်နယ်ကို ဝင်ရောက်လာတဲ့ အာဖရိကလေယာဉ်မှူးတစ်ဦးဟာ ဗီဇပြောင်း ကိုရိနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ ဖြစ်ပါတယ်။
ရှီးကျားကျွမ်းဒေသအတွင်းက လူဦးရေ ၄၀ ၀၀၀ ခန့်နေတဲ့ ရွာတစ်ရွာကိုလည်း အန္တရာယ်များတဲ့ဒေသအဖြစ် သတ်မှတ်ပြီး ဗိုင်းရပ်စ်စမ်းသပ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ရှီးကျားကျွမ်းမြို့က ကျောင်းတွေအားလုံးကိုလည်း ပိတ်ဖို့ ညွှန်ကြားထားပြီး အနီးအနားရှိ နန်ဂေါင်မြို့က လူဦးရေ လေးသိန်းကျော်ကိုလည်း ရောဂါစစ်ဆေးစမ်းသပ်မှုပြုလုပ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်ဟာ လာမယ့် နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ လူသန်းပေါင်းများစွာကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။