ဈေးကွက်ခေါင်းပုံဖြတ်သူအဖြစ် ဖေ့ဘုတ်ကုမ္ပဏီကို အမေရိကန် တရားစွဲ 

ဈေးကွက်ခေါင်းပုံဖြတ်သူအဖြစ် ဖေ့ဘုတ်ကုမ္ပဏီကို အမေရိကန် တရားစွဲ 
Photo - AP

ဒီဇင်ဘာ ၁၀

ဖေ့ဘုတ်ကုမ္ပဏီသည် ပြိုင်ဖက်ငယ်များကို နင်း​ချေပစ်ရန်အတွက် လူမှုကွန်ရက်နယ်ပယ်အတွင်းက ၎င်း၏ ဈေးကွက်အရှိန်အဝါကို အလွဲသုံးစား လုပ်သည်ဟု  စွပ်စွဲလျက် အမေရိကန်အစိုးရနှင့် ပြည်နယ်နှင့် ခရိုင် ၄၈ ခုတို့က ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုသည်။ 

ယင်းကြောင့် ဖေ့ဘုတ်က ဝယ်ယူထားသည့် Instagram နှင့် WhatsApp တို့အပေါ် သက်ရောက်မှုများ ရှိလာနိုင်ခြင်းများအပါအဝင် ကုမ္ပဏီအနေဖြင့် အမှုကို ခေါင်းရှောင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်ဟုလည်း ဆိုထားသည်။ 

ယခု အထင်ကရ တရားစွဲဆိုမှုဖြစ်သည့် ယုံကြည်မှု ဖောက်ဖျက်ခြင်း တရားစွဲချက်ကို ဗဟိုကုန်သွယ်ရေးကော်မရှင်နှင့် နယူးယောက်ရှေ့နေချုပ် လက်တီတီယာဂျိမ်းတို့က ကြေညာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ တရားစွဲဆိုမှုသည် ထိတို့မရနိုင်ဟု ရှုမြင်ရသော နည်းပညာကုမ္ပဏီကြီးများအား ဒုတိယမြောက်အဖြစ် တရားစွဲဆိုခြင်းလည်း ဖြစ်သည်။ 

အောက်တိုဘာလအတွင်းက တရားရေးဝန်ကြီးဌာနသည် ဂူဂဲလ်အား အွန်လိုင်းရှာဖွေရေးနှင့် ကြေညာဈေးကွက်တွင် ကြီးစိုးထားခြင်းအား အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့သည်။ ယင်းသို့ တရားစွဲဆိုခြင်းမှာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က မိုက်ခရိုဆော့ဖ်အား စွဲဆိုသည့် သမိုင်းဝင် အမှုနောက်ပိုင်း ဈေးကွက်ယှဉ်ပြိုင်မှု ပိုမိုမျှတရေးအတွက် အစိုးရ၏ အသိသာဆုံးသော ကြိုးပမ်းလာခြင်းပဲ ဖြစ်သည်။ 

အမေဇုံနှင့် Apple တို့ကိုလည်း ကွန်ဂရက်နှင့် ပြည်နယ်အာဏာပိုင်များက မလျော်သော ယှဉ်ပြိုင်မှု အမူအကျင့်များ ရှိသည်ဆိုကာ စုံစမ်းစစ်ဆေးလျက် ရှိနေသည်။ 

“ကုမ္ပဏီတွေကို ခေါင်းပုံဖြတ် ဖိအားပေး ဝယ်ယူခြင်းကို ပိတ်ဆို့ဖို့နဲ့ ဈေးကွက်မှာ ယုံကြည်ချက် ထိန်းထားနိုင်ဖို့က အမှန်တကယ် မရှိမဖြစ် အရေးကြီးတဲ့ အရာပါပဲ။”ဟု သတင်းစာရှင်းလင်းပွဲ၌ လက်တီတီယာဂျိမ်းက ပြောသည်။ 

ဖေ့ဘုတ်သည် ပြိုင်ဖက်များကို ဖြိုလှဲရန် ‘အကွက်ကျကျ မဟာဗျူဟာ’ ချလုပ်ဆောင်နေကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းများတွင် သေးငယ်သောလည်း ပြိုင်ဖက်အဖြစ် ပေါ်ထွက်လာနေသည့် Instagram အား ၂၀၁၂ ခုနှစ်နှင့် WhatsApp အား ၂၀၁၄ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဗျူဟာကျကျ လုပ်ဆောင်ခြင်းလည်း အပါအဝင် ဖြစ်ကြောင်း ဗဟိုကုန်သွယ်ရေးကော်မရှင်က ဆိုသည်။ 

အလားတူအတိုင်းပင် ဖေ့ဘုတ်သည် ပြိုင်ဖက်ငယ်များကို ဖြိုလှဲပစ်ရန်နှင့် ယှဉ်ပြိုင်မှုနဲ့ အသာစီးရရန် ၎င်း၏ ဈေးကွက်လက်ဝါးကြီးအုပ်ထားနိုင်သော အင်အားကို အသုံးချလျက် ရှိနေကြောင်း လက်တီတီယာဂျိမ်းကလည်း ပြောခဲ့သည်။ 

၂၀၁၉ ခုနှစ်အတွင်းက ဗဟိုကုန်သွယ်ရေးကော်မရှင်သည် ဖေ့ဘုတ်အား သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်မှုဖြင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ဒဏ်ရိုက်ခဲ့ကာ ၎င်း၏ လုပ်ငန်းတွင် ကွပ်ကဲမှုသစ်များနှင့် စည်းမျဉ်းသစ်များ ချမှတ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။  

အဆိုပါ ဒဏ်ကြေးပမာဏသည် နည်းပညာကုမ္ပဏီတစ်ရပ်အား ချမှတ်သည့် အများပြားဆုံးသော ဒဏ်ကြေးပဲ ဖြစ်သော်လည်း ယင်း ဒဏ်ကြေးပမာဏသည် ဖေ့ဘုတ်၏ လုပ်ငန်းအပေါ် ထင်သာမြင်သာ သက်ရောက်မှုတော့ မရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly