လာရောက်ပြသသည့်လူနာ များလာသည့်အတွက် Fever Clinic များ တိုးချဲ့ဖွင့်လှစ်  

လာရောက်ပြသသည့်လူနာ များလာသည့်အတွက် Fever Clinic များ တိုးချဲ့ဖွင့်လှစ်  
Photo - EPA

အောက်တိုဘာ ၁၄၊ ၂၀၂၀ 

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 အတည်ပြုလူနာ များပြားလာသည်နှင့်အမျှ ရန်ကုန်တိုင်းအတွင်းရှိ ဖျားနာကု အခမဲ့ဆေးခန်း (fever clinc) များတွင်လည်း သံသယ ရှိသည့်အတွက် လာရောက်ပြသသည့် ဖျားနာလူနာများ များပြားလာကြောင်း သိရသည်။  

တစ်ရက်လျှင် ဖျားနာကု အခမဲ့ဆေးခန်း (fever clinc) တစ်ခုစီသို့ လာရောက်ပြသသည့် ပျမ်းမျှ လူနာ ၁၀၀ ကျော်အထိ ရှိလာသောကြောင့် fever clinc များအား တိုးချဲ့ဖွင့်လှစ်ခြင်းကို လုပ်ဆောင်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။  

“နောက်တစ်ချက်ကကျတော့ သူတို့ ကိုယ့်မြို့နယ်မှာကိုယ် ရှိမယ်ဆိုလို့ရှိရင် လူက အများကြီးမဖြစ်တော့ဘူး။ မဟုတ်လို့ရှိရင် မရှိတော့ နီးစပ်ရာမြို့နယ်ရဲ့ fever clinic လာတော့ လူနာတွေ အရမ်းများတယ်။ အရမ်းများတော့ လူနာကို လာတဲ့လူ အကုန်ကြည့်ပေးရတယ်လေ။ လူအရမ်းများတဲ့အတွက် workload (အလုပ်ဝန်) ကို လျှော့ဖို့ မရှိတဲ့မြို့နယ်တွေမှာ ဖွင့်လိုက်တဲ့ ရည်ရွယ်ချက်ပေါ့နော်”ဟု Community Fever Clinic Yangon Network မှ တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။  

လာရောက်ပြသသည့် လူနာ များလာရခြင်းမှာ ယခုကာလတွင် မိုးရွာသွန်းခြင်းများ ရှိနေသည့်အတွက် အအေးမိလက္ခဏာ ရှိသူများက လာရောက်ပြသမှုများရှိသကဲ့သို့ COIVD-19 ရောဂါလက္ခဏာကြောင့် သံသယရှိသည့်အတွက် လာရောက်ပြသသည့်သူများလည်း ရှိသောကြောင့် ဖြစ်ကြောင်း သိရသည်။  

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဗဟန်းမြို့နယ်၌ ဖျားနာကု အခမဲ့ဆေးခန်း (fever clinc) စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တစ်ပတ်လျှင် လေးရက် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်၌  လာမည့်သီတင်းပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါက်တာ ကျော်မင်းထွန်းက ပြောသည်။  

ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်မည့် ဖျားနာကု အခမဲ့ဆေးခန်းမှာ ရွှေဂုံတိုင် အထူးကု ဆေးရုံ (SSC) ဘေးမှ Community Center တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်မှ ဖျားနာကု အခမဲ့ဆေးခန်းအား ယခင်ဖွင့်လှစ်ခဲ့သည့် အ.ထ.က (၄) ကျောင်းတွင် ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။  

ထိုသို့ ဖျားနာကု အခမဲ့ဆေးခန်း (fever clinc) များ တိုးချဲ့ ဖွင့်လှစ်လာသည်နှင့်အမျှ ဆရာဝန်၊ သူနာပြုနှင့် စေတနာ့ဝန်ထမ်းများ များစွာလိုအပ်သကဲ့သို့ အလှူရှင်များလည်း လိုအပ်နေကြောင်း သိရသည်။  

“နောက်တစ်ချက်က အလှူရှင်အင်အား လိုအပ်တယ်။ ကျွန်တော်တို့ fever clinic က အခမဲ့ အလှူရှင်တွေဆီက ရတဲ့ အလှူငွေတွေနဲ့ ကျွန်တော်တို့က လည်ပတ်နေတာ။ အဓိက ကျွန်တော်တို့ လိုအပ်တာက volunteer (စေတနာ့ဝန်ထမ်း) အင်အားနဲ့ အလှူရှင်အင်အား လိုအပ်တယ်။ ကျွန်တော်တို့က အခု တစ်ရက်ကိုလေ ဆရာဝန်က နှစ်ယောက်၊ သူနာပြုက နှစ်ယောက်လောက် လိုတယ်။ ဒီ volunteer ကူမယ့်လူက တစ်ရက်ကို လေးယောက်လောက် လိုတယ်။ အားလုံးပေါင်း တစ်ရက်ကို အကြမ်းဖျင်း လူအင်အား ရှစ်ယောက်နဲ့ ၁၀ ယောက်ကြားမှာ သုံးရတယ်” ဟု ဒေါက်တာ ကျော်မင်းထွန်းက ဆိုသည်။  

ရန်ကုန်တိုင်းဒေသကြီးတွင် ဗဟန်းမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်မှ ဖျားနာကု အခမဲ့ဆေးခန်းများပါ အပါအဝင်ဆိုလျှင် စုစုပေါင်း ၂၄ ခု ဖွင့်လှစ်ထားပြီးဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly