COVID-19 ကို ခံနိုင်ရည်ရှိသွားပြီလို့ ဒေါ်နယ်ထရမ့် ကြေညာ 

COVID-19 ကို ခံနိုင်ရည်ရှိသွားပြီလို့ ဒေါ်နယ်ထရမ့် ကြေညာ 
Photo - AFP

အောက်တိုဘာ ၁၂

COVID-19 ရောဂါပိုးကို ခံနိုင်ရည်ရှိသွားပြီ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် သမ္မတရွေးကောက်ပွဲအတွက် ပြိုင်ဘက် ဂျိုးဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဟာလည်း ယခုအချိန်မှာ အတိမ်းအစောင်းမခံတဲ့ အရေးကြီးတဲ့ နောက်ဆုံးရက်သတ္တပတ်တွေထဲ ဝင်လာခဲ့ချိန် ၎င်းအနေနဲ့ တိုက်ပွဲအတွက် အသင့်ရှိနေတယ်လို့ ထရမ့်က ပြောပါတယ်။ 

ထရမ့်ဆီမှာ ၎င်းကနေ အခြားသူတွေဆီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ မရှိတော့ဘူးလို့ သတ်မှတ်ခံရပြီးနောက် ထရမ့်ကို မဲဆွယ်စည်းရုံးရေးပွဲ လမ်းကြောင်းဆီ ပြန်သွားစေနိုင်ဖို့အတွက် ၎င်းရဲ့ဆရာဝန်တွေက အောက်တိုဘာ ၁၀ ရက်မှာပဲ ခွင့်ပြုချက်ပေးခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ၎င်းအနေနဲ့ ဗိုင်းရပ်စ်ကင်းစင်ကြောင်း ကြေညာရဦးမှာ ဖြစ်သလို ရောဂါခံနိုင်ရည်ရှိပြီဆိုတဲ့ ၎င်းရဲ့ ပြောကြားချက်ဟာလည်း သက်သေမပြနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ 

“ကျွန်တော် ဒီရောဂါပိုးကို ခံနိုင်ရည်ရှိသွားပြီနဲ့ တူပါတယ်၊ ကျွန်တော် သေချာတော့ မသိဘူး၊ ဒါက ရှည်လျားတဲ့ အချိန်တစ်ခု ဖြစ်နိုင်သလို တိုတောင်းတဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ ဘဝတစ်သက်လုံးလည်း ဖြစ်နိုင်ပါတယ်၊ ဘယ်သူမှ တကယ် မသိပါဘူး၊ ဒါပေမယ့် ကျွန်တော်ကတော့ ခံနိုင်ရည် ရှိသွားပါပြီ” လို့ ထရမ့်က Fox News show ဖြစ်တဲ့ “Sunday Morning Futures” ကို ပြောပါတယ်။ 

“ခံနိုင်ရည် ရှိတယ်ဆိုတဲ့ စကားကတော့ ဗိုင်းရပ်စ် ကိုယ့်ကိုယ် မကူးစက်နိုင်တော့သလို ကိုယ့်ဆီကနေလည်း သူများကို မကူးစက်စေနိုင်တော့ဘူးဆိုတဲ့ အရာဖြစ်တယ်” 

“ခုဆိုရင်တော့ ခင်ဗျားတို့မှာ သမ္မတတစ်ယောက် ရှိနေတယ်၊ အဲဒီသမ္မတကတော့ သူ့ပြိုင်ဘက်လိုမျိုး မြေအောက်ခန်းထဲမှာ ပုန်းနေရတဲ့သူတော့ မဟုတ်ဘူးနော်” လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။ ဒါကတော့ ကပ်ရောဂါကာလတစ်ခုမှာ မဲဆွယ်စည်းရုံးရေးကို အတော်လေး သတိထားပြီး လုပ်ဆောင်ထားခဲ့တဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို ထရမ့်က ရည်ရွယ်ပြောဆိုသွားတာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် COVID-19 ကူးစက်မှုက ဘယ်လောက် အတိုင်းအတာပမာဏအထိ ရောဂါခံနိုင်ရည် ရရှိစေနိုင်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးလို ကနဦးလေ့လာချက်တွေကတော့ လအနည်းငယ်လောက် ပြသနေခဲ့သလို နောက်ထပ် လေ့လာချက်အသစ်တွေကလည်း ယင်းထက် ပိုကြာနိုင်တယ်လို့ ပြသနေခဲ့ပါတယ်။ 

ခုလို သူ ရောဂါခံနိုင်ရည်ရှိသွားပြီ ဆိုပြီး ပြောဆိုထားတဲ့ ထရမ့်ရဲ့ tweet စာကြောင်းတစ်ခုကို Twitter က အောက်တိုဘာ ၁၁ ရက်မှာ ဖုံးကွယ်ထားခဲ့ပြီး ဒီ ပို့စ်ဟာ နားလည်မှုလွဲစေနိုင်တဲ့၊ အန္တရာယ်ရှိစေနိုင်တဲ့ သတင်းမှားပေးခြင်း ဆိုင်ရာ ယင်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေခဲ့တယ်လို့ Twitter က ပြောပါတယ်။ 

Users တွေအနေနဲ့ကတော့ သတိပေးချက်ကနေတဆင့် ကလစ်နှိပ်ကြည့်တဲ့အခါမှာတော့ အဆိုပါ tweet ကို မြင်နိုင်နေဆဲဖြစ်ခဲ့ပါတယ်။ 

အသက် ၇၄ နှစ်ရှိ သမ္မတ ထရမ့်ကိုတော့ စမ်းသပ် ပဋိပစ္စည်း ဆေးအရောအပေါင်းတစ်ခုဖြစ်တဲ့ Regeneron ကုမ္ပဏီထုတ် ဆေးတစ်မျိုးနဲ့ ကုသခဲ့တာဖြစ်ပြီး ဒီဆေးဟာ ကာကွယ်ဆေးတစ်ခုအနေနဲ့ ဆိုတာထက် ကုသမှုနည်းတစ်ခုအနေနဲ့ ကုသချိန်မှာ လအနည်းငယ်အကြာအထိ ခံနိုင်ရည်တစ်ခု ပေးကောင်းပေးနိုင်တယ်လို့ သိရပါတယ်။ 

“တချို့ဖြစ်စဉ်တွေမှာ ကာကွယ်ဆေးတွေက ဆယ်စုနှစ်များနဲ့ချီ ကြာနိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဒါကို သဘာဝ ခံနိုင်ရည်စွမ်းအား ပုံစံနဲ့ ရနိုင်သလား ဆိုတာနဲ့ပတ်သက်လို့ ဒါက ခုထိတော့ မသိသေးပါဘူး” လို့ Regeneron ရဲ့ CEO လီယိုနာ့ဒ် ရှလိုင်ဖာက အောက်တိုဘာ ၁၁ ရက်မှာ CBS ရဲ့ Face the Nation ကို ပြောပါတယ်။ 

“ခင်ဗျားအနေနဲ့ အဲဒါကို ကျွန်တော်တို့ရဲ့ ဆေးရည်ထဲမှာ ရမယ် ဆိုရင် အဲဒါက လများနဲ့ချီ ကြာကောင်းကြာနိုင်ပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။ 

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ ကျင်းပဖို့ ၂၃ ရက်သာ လိုတော့ချိန် လူထုသဘောထားစစ်တမ်းတွေအရ ပြိုင်ဘက် ဘိုင်ဒန်ရဲ့ နောက်မှာ ရောက်နေတဲ့အတွက် ထရမ့်အနေနဲ့ မဲဆွယ်ပွဲတွေဆီ တဖန် ပြန်သွားဖို့ မစောင့်နိုင်လောက်အောင် စိတ်အားပြင်းပြနေဖို့ ရှိပါတယ်။ 

ရီပတ်ဘလစ်ကန် ခေါင်းဆောင်ဟာ အောက်တိုဘာ ၁၀ ရက်က အိမ်ဖြူတော်မှာ ပထမဆုံး လူထုတွေ့ဆုံပွဲ လုပ်ခဲ့ပြီး ၎င်းကို ထောက်ခံသူရာနဲ့ချီရဲ့ ရှေ့မှောက်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ ယခုအပတ်ထဲ မဲဆွယ်စည်းရုံးပွဲတွေဆီ ပြန်သွားဖို့ စီစဉ်ထားပြီး တနင်္လာနေ့မှာ ဖလော်ရီဒါ၊ ယင်းနောက် ပန်ဆယ်လ်ဗေးနီးယားနဲ့ အိုင်အိုဝါတို့ဆီ ဆက်သွားဖို့ ရှိနေပြီး ၎င်းရဲ့ အပြင်းအထန် ရုန်းကန်နေရတဲ့ မဲဆွယ်စည်းရုံးမှုကို ပြန်လည်အဖတ်ဆယ်သွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ 

Fox News ကို ဖုန်းနဲ့ အင်တာဗျူး ဖြေရာမှာ ထရမ့်က ၎င်းရဲ့ အိမ်ဖြူတော်ပြိုင်ဘက်ဟာ သူ့ဘာသာပင် နေထိုင်မကောင်းဖြစ်နေနိုင်တယ်လို့လည်း ပြောသွားပါတယ်။ 

“ခင်ဗျား ဂျိုး ကို ကြည့်လိုက်မယ်ဆိုရင် မနေ့တုန်းက သူ တော်တော်လေး ချောင်းဆိုးနေတာကို တွေ့ရပါလိမ့်မယ်၊ သူ့ နှာခေါင်းစည်းကို ဆွဲကိုင်ပြီး သူ ချောင်းဆိုးနေတာပါ၊ အဲဒါ ဘာဖြစ်နေတာလဲ ကျွန်တော် အတိအကျမသိဘူးလေ၊ ဒါနဲ့ပတ်သက်လို့လည်း စာနယ်ဇင်းတွေကလည်း သိပ်မရေးကြဘူးဗျ” လို့ ထရမ့်က ပြောခဲ့ပါတယ်။ 

ထရမ့် အောက်တိုဘာ ၁ ရက်က ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးသိရှိပြီးနောက်ပိုင်း ဘိုင်ဒန်ရဲ့ မဲဆွယ်အဖွဲ့ဟာ သူတို့ရဲ့ အသက် ၇၇ နှစ်အရွယ် သမ္မတလောင်းအတွက် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို ထုတ်ပြန်ဖော်ပြထားခဲ့ပါတယ်။ ထရမ့်ကတော့ ဗိုင်းရပ်စ်အကူးခံရလို့ စစ်ဆေးရုံတစ်ခုမှာ သုံးည နေခဲ့ရပြီး သူ့ မဲဆွယ်မှုတွေလည်း လမ်းချော်ခဲ့ရပါတယ်။ 

ထရမ့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ပြီး ၎င်းရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကလည်း ထရမ့်မှာ ဗိုင်းရပ်စ် မရှိဘူးလို့ ဘယ်အချိန်မှာ နောက်ဆုံး စမ်းသပ်တွေ့ရှိထားခဲ့သလဲဆိုတာကို ပြောကြားဖို့ ထပ်တလဲလဲ ငြင်းဆန်နေခဲ့ပါတယ်။ ယင်းအတွက်ကြောင့်လည်း ထရမ့်ဟာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း မသိရှိမီ ရက်အနည်းငယ်အကြာအထိ စမ်းသပ်မှုတွေ မလုပ်ဘဲ နေကောင်းနေခဲ့နိုင်တယ်ဆိုတဲ့ သံသယတွေကိုဖြစ်စေခဲ့ပါတယ်။ 

အမေရိကန်မှာတော့ COVID-19 ကြောင့် သေဆုံးသူ ၂၁၄,၀၀၀ ကျော် ရှိနေခဲ့ပါပြီ။ 

ဘိုင်ဒန်ကတော့ ခုလို ကပ်ရောဂါကာလအတွင်း ကြီးမားတဲ့ လူအုပ်စုတွေနဲ့ မဲဆွယ်ပွဲတွေလုပ်ဖို့ ထရမ့်ရဲ့ စိတ်ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြစ်တင်ထားခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့်ကတော့ စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားပြီး အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်အပေါ်မှာ အသာစီးရနေတယ်လို့ ပြောခဲ့ပါတယ်။ 

“သမ္မတ ထရမ့်ရဲ့ အဆင်အခြင်မဲ့တဲ့ အပြုအမူအတွက် ဆင်ခြေ မရှိပါဘူး” လို့ ဘိုင်ဒန်က အောက်တိုဘာ ၁၁ ရက်မှာ တွစ်တာကနေ ပြောပါတယ်။ 

ဘရက်ခ် အိုဘားမားရဲ့ ဒုသမ္မတဟောင်းဟာ လက်ရှိအချိန် နိုင်ငံလုံးဆိုင်ရာ လူထုသဘောထားစစ်တမ်းတွေမှာ ၁၀ ပွိုင့် အသာစီး ရနေပြီး အဓိကကျတဲ့ အကြိတ်အနယ်ပြိုင်ရမယ့် ပြည်နယ်အချို့မှာလည်း အခိုင်အမာ ဦးဆောင်နေပါတယ်။ 

၎င်းရဲ့ နိုင်ငံရေး နယ်ပယ်အလားအလာ မှောင်မိုက်လာနေမှုနဲ့အတူ ထရမ့်ကတော့ ၂၀၁၆ ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ် အနိုင်ရခဲ့မှုကို ပြန်ပြောင်းသတိယစေရင်းနဲ့ ဒုတိယအကြိမ် စိတ်ပျက်မှုကနေ ရုန်းထွက်နိုင်တယ်ဆိုပြီး သူ့ကိုယ်သူ ဆွဲဆောင်ဖို့ လုပ်ဆောင်နေပါတယ်။ 

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရခဲ့မှုဟာ အမေရိကန်သမိုင်းမှာ အံ့အားသင့်စရာအကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ် ဆိုပြီး ၂၀၁၆ ခုနှစ်မှာ ပြောခဲ့တဲ့ လူသိများတဲ့ စာရင်းအင်းပညာရှင် နိတ် ဆေးလ်ဗားရဲ့ ပြောဆိုချက်တစ်ခုနဲ့ပတ်သက်လို့ ထရမ့်က အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာတော့ တွစ်တာမှာ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ 

“ဒါကတော့ ခင်ဗျား တော်တော့်ကို မှားသွားခဲ့တာပဲလေ၊ ဒီတစ်ကြိမ်မှာတော့ ၂၀၁၆ ခုနှစ်ကထက် အတော့်ကို ပိုများတဲ့ စိတ်အားထက်သန်မှု ရှိနေပါတယ်၊ ဒါကတော့ များပြားလှတဲ့ ကျွန်တော့်ကို ထောက်ခံတဲ့လူအုပ်စုတွေပေါ့” လို့ ထရမ့်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly