အောက်တိုဘာ ၉
အငြင်းပွားဖွယ် နာဂေါ်နိုကာရာဘက်ခ်ဒေသမှာ တိုက်ခိုက်မှုတွေအရှိန်မြင့်နေတာကို ရန့်တန့်ဖို့အတွက် နိုင်ငံတကာဖျန်ဖြေသူတွေက ဂျနီဗာမှာတွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေစဉ်မှာပဲ အဇာဘိုင်ဂျန်က ကာရာဘက်ခ်ဒေသမှာရှိတဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ကြာသပတေးနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ အာမေးနီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းဝင်းအတွင်းက ခုံတန်းတွေ၊ နံရံတွေနဲ့ တံခါးပေါက်တွေ ပျက်စီးခဲ့ပြီး သတင်းထောက်အများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ အာမေးနီးယားဘက်က ပြောပါတယ်။
ဘုရားကျောင်းရဲ့ခေါင်မိုးမှာလည်း လက်နက်ကြီးကျရာအပေါက်ကြီးဖြစ်နေပြီး အဇာဘိုင်ဂျန်ကတော့ သမိုင်းဝင်ယဉ်ကျေးမှု ဒါမှမဟုတ် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်အဆောက်အအုံတွေကို ပစ်မှတ်မထားဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဂျနီဗာဆွေးနွေးပွဲကနေ ပြဿနာကို ကျော်လွှားနိုင်မယ့်မျှော်လင့်ချက်မှာ နည်းပါးလျက်ရှိပြီး အာမေးနီးယားမပါဘဲနဲ့ တံခါးပိတ်ဆွေးနွေးမှုကနေ ဘာထုတ်ပြန်ချက်မှ ထွက်ပေါ်လာမှာမဟုတ်ပါဘူး။
အဇာဘိုင်ဂျန်နဲ့အာမေးနီးယားတို့ဟာ နာဂေါ်နိုကာရာဘက်ခ်ဒေသနဲ့ပတ်သက်ပြီး တိုက်ပွဲဖြစ်နေတာ ရက်သတ္တနှစ်ပတ်နီးပါး ကြာပြီဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်နေသမျှ နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှာမဟုတ်ဘူးလို့ အာမေးနီးယားဘက်ကပြောဆိုထားပြီး လာမယ့်တနင်္လာနေ့မှာတော့ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဇိုရာမနက်စ်ကန်နယန် က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။
လူဦးရေ ၁၄၀ ၀၀၀ ခန့်နေထိုင်တဲ့ ကာရာဘက်ခ်ဒေသက လူထက်ဝက်ကျော်ခန့်ဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပြီး နေရပ်စွန့်ခွါသူ ၉၀ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြပါတယ်။
တိုက်ပွဲမှာ အရပ်သား ဒါဇင်ပေါင်းများစွာသေကြေပျက်စီးခဲ့ပြီး အာမေးနီးယားဘက်က တပ်သား ၃၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်ပွဲဖြစ်ပေမယ့် ကာရာဘက်ခ်ရဲ့အဓိကမြို့ကြီး စတက်ပါနာခါ့မှာ ခိုးဝှက်လုယက်မှုတွေမရှိပါဘူး ။ အဇာဘိုင်ဂျန်ရဲ့ ရန်လိုတိုက်ခိုက်မှုတွေကို မြင်နေရတဲ့ လူဦးရေ ၅၀ ၀၀၀ ကျော်လောက်ရှိတဲ့ စတက်ပါနာခါ့မြို့နေပြည်သူတွေဟာ စည်းစည်းလုံးလုံးရှိနေကြပါတယ်။
သက်ကြီးပိုင်း အဘိုးအိုတွေကလည်း ရှေ့တန်းကိုမသွားရောက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေကြတာပါ။
ပြည်သူတွေလိုအပ်တဲ့ ရိက္ခာ၊ စောင်၊ ဖယောင်းတိုင် စတာတွေကိုလည်း ဖြည့်ဆည်းပေးနေတယ်လို့ ဒုမြို့တော်ဝန် ဆူရန် တာမက်ဇ်ယန်က ပြောပါတယ်။