ရန်ကုန်၊ အောက်တိုဘာ ၆
တိုက်ပွဲများနှင့် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဆန်ရိက္ခာပြတ်လပ်နေရသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်းမှနေ၍ ဆန်အိတ်များပေးပို့နိုင်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။
“ မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်းကို လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးပြီးသားဖြစ်တယ်။ မပို့နိုင်တာက လမ်းကြောင်းအခြေအနေအရပဲဖြစ်မှာပါ။ လုံခြုံရေးအခြေအနေအရတော့ မဖြစ်နိုင်ပါဘူး ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။
ဆမီး-ပလက်ဝလမ်းကြောင်းမှာ အမြဲလိုလို မိုးရွာနေတတ်သဖြင့် လမ်းမကောင်းသဖြင့်သာ ဆန်ပေးပို့ရန် အခက်အခဲရှိနိုင်ပြီး လမ်းကြောင်းလုံခြုံရေးအတွက်မူ တပ်မတော်မှလုံခြုံရေးဆောင်ရွက်ပေးထားကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လွန်ခဲ့သော တစ်ပတ်ကျော်ခန့်ကပင် ဆန်ရိက္ခာ ပြတ်လပ်သွားသဖြင့် ဆန်များ အမြန်ဆုံးပေးပို့ရန်လိုအပ်နေကြောင်း ချင်းလူမှုအဖွဲ့အစည်းများမှပြောသည်။
လက်ရှိ ဆန်ရိက္ခာပြတ်လပ်နေသည့် ပလက်ဝမြို့နယ်သို့ပို့ဆောင်ရန် ဆန်အိတ် ၈၅၀ မှာ လုံခြုံရေးကြောင့် မပို့နိုင်သေးဘဲ ဆမီးမြို့ပေါ်တွင် သောင်တင်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ပလက်ဝမြို့ပေါ်မှာ ဆန်မရှိတော့ဘူး။ လုံးဝမရှိတော့ဘူးဗျ။ တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ပြီးဝယ်စားဖို့တောင် ဆန်တစ်အိတ်ကို ၆၀ ၀၀၀, ၆၅ ၀၀၀ နဲ့တောင် ဝယ်စရာမရှိဘူး။ အခုနောက်ဆုံးဆို ၇၅ ၀၀၀ တောင်ဖြစ်နေပြီလို့သိရတယ်” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ပလက်ဝမြို့မှဒေသခံများကို လတ်တလော အကူအညီမပေးနိုင်သဖြင့် ဆန်ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရသို့တင်ပြထားပြီး ဆမီးနှင့် ပလက်ဝအကြား လုံခြုံရေးကန့်သတ်ချက် မရှိပါက ဆန်ရိက္ခာများမြန်မြန်ဆန်ဆန်ပို့ဆောင်နိုင်မည်ဟုလည်း ဦးစိုးထက်က သုံးသပ်သည်။
ပလက်ဝမြို့တွင် ကျေးရွာပေါင်း ၃၈၀ ကျော်ရှိပြီး လူဦးရေ တစ်သိန်း ကျော်ခန့် နေထိုင်သည့် မြို့ဖြစ်ကြောင်း သိရသည်။