အောက်တိုဘာ ၁
တိုင်ပေရဲ့အကြီးဆုံးတိရစ္ဆာန်ဥယျာဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧည့်သည်လာရောက်လည်ပတ်မှုကျဆင်းနေစဉ်အတွင်းမှာပဲ မကြာသေးခင်လတွေက ပန်ဒါဝက်ဝံနဲ့ သင်းခွေချပ် အပါအဝင် အကောင်လေးတွေ ပေါက်ဖွားခဲ့ပါတယ်။
ဒီနှစ်အတွင်းမှာ တိုင်ပေတိရစ္ဆန်ဥယျာဉ်ဆီ လည်ပတ်မှုနည်းခဲ့ပေမယ့် တာဝန်ရှိသူတွေကတော့ မွေးလာတဲ့ သားပေါက်လေးတွေကို ဂရုတစိုက်စောင့်ရှောက်ဆဲဖြစ်ပါတယ်။
ထိုင်ဝမ်တောင်ဆိတ်၊ ယူရေးရှားဖျံများ၊ အာဖရိကပင်ဂွင်းများ၊ ခိုအားလား၊ လည်ဆံမွေးဖွားမျောက်ငယ်တွေနဲ့ ရှဉ့်မျောက်လေးတွေဟာ ၂၀၂၀ ခုနှစ်အစပိုင်းကတည်းက မျိုးပွားနေခဲ့ကြတာပါ။
တိုင်ပေဟာ ကပ်ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်မခံစားရပေမယ့် ဧည့်သည်လာရောက်မှု ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ တိုင်ပေတိရစ္ဆာန်ဥယျာဉ်က ပြောရေးဆိုခွင့်ရှိသူ အဲရစ်ဆောင်က AFP ကို ပြောပါတယ်။
အဲရစ်ဆောင်က “ဥရောပနဲ့အရှေ့တောင်အာရှက ငါးပြတိုက်တွေနဲ့ မိတ်ဖက်တိရစ္ဆာန်ဥယျာဉ်တွေနဲ့အတူ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွေကြောင့် ဒီနှစ်မှာ တိရစ္ဆာန်လေးတွေကို အောင်မြင်စွာနဲ့ မွေးဖွားနိုင်ခဲ့တာ ကံကောင်းတယ်လို့ဆိုရပါမယ်။ ရှားပါးမျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ကို တားဆီးနိုင်ဖို့ ပြီးခဲ့တဲ့ ရာစုနှစ်အချိန်က ဒေသတွင်းကမဟုတ်တဲ့ တိရစ္ဆာန်တွေကို စုဆောင်းခဲ့တာပါ” လို့ ပြောပါတယ်။
စိတ်လှုပ်ရှားစရာအကောင်းဆုံးတစ်ခုကတော့ ပန်ဒါကြီးမျိုး ပန်ဒါမလေး ယွမ်ယွမ်က ဒုတိယအကြိမ် ပန်ဒါပေါက်လေး ယွမ်ပေါင်ကို မွေးဖွားလိုက်တာပဲဖြစ်ပါတယ်။
ယွမ်ယွမ်နဲ့ သူ့ရဲ့အဖော် တွမ်တွမ်တို့ဟာ တရုတ်နဲ့တိုင်ပေအကြား နွေးထွေးတဲ့ဆက်ဆံရေးအမှတ်အသားအနေနဲ့ ၂၀၀၈ ခုနှစ်က တရုတ်ပြည်ကနေရောက်လာကတည်းက ဧည့်သည်တွေကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
မွေးကင်းစတုန်းက အလေးချိန် ၁၈၆ ဂရမ်သာရှိတဲ့ ယွမ်ပေါင်ဟာ အခု သုံးလသားအရွယ်မှာ ငါးကီလိုဂရမ် ကိုယ်အလေးချိန်ရှိနေပါပြီ။
တိုင်ပေတိရစ္ဆာန်ဥယျာဉ်က မန်ဒရင်းလို ‘ဘေဘီဝတုတ်လေး’ လို့ အဓိပ္ပါယ်ရတဲ့ ယွမ်ပေါင်ရဲ့ပုံတွေကို လူမှုမီဒီယာမှာ ပုံမှန်တင်ပေးလေ့ရှိပြီး ဒီနှစ်ကုန်ပိုင်းလောက်ဆိုရင်တော့ အများပြည်သူအနေနဲ့ လူကိုယ်တိုင် လာကြည့်နိုင်တော့မှာဖြစ်ပါတယ်။
တရုတ်ဟာ အများအားဖြင့် မျိုးသုဉ်းမယ့်အန္တရာယ်ရှိတဲ့ ပန်ဒါတွေကို အငှားပို့ဆောင်ထားတာဖြစ်ပြီး မွေးလာတဲ့အကောင်ပေါက်လေးတွေကိုလည်း တရုတ်ကို ပြန်ပို့ရမှာဖြစ်ပါတယ်။
ဒါပေမယ့် ရှားရှားပါးပါး သံခင်းတမန်ခင်း အပြောင်းအလဲအနေနဲ့ ပန်ဒါစုံတွဲဟာ လက်ဆောင်ဖြစ်တဲ့အတွက် သားပေါက်လေးတွေကိုလည်း တိုင်ပေက ထိန်းသိမ်းခွင့်ရထားတယ်လို့ တိုင်ပေတာဝန်ရှိသူတွေက ပြောပါတယ်။
တိုင်ပေနဲ့ချက်နိုင်ငံအကြား ဖလှယ်ရေးသဘောတူချက်အရ တိုင်ပေက ဧပြီလတုန်းက မွေးဖွားခဲ့တဲ့ သင်းခွေချပ်အထီးလေးအပါအဝင် သင်းခွေချပ်နှစ်ကောင်ကိုလည်း ချက်နိုင်ငံကို ပို့ဖို့ စီစဉ်လျက်ရှိပါတယ်။
တိရစ္ဆာန်သားပေါက်လေးတွေ အများအပြားမွေးဖွားလာတဲ့အတွက် အများပြည်သူအကြားမှာ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာတိုးပွားလာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အဲရစ်ဆောင်က ပြောပါတယ်။